နေပြည်တော် ၁၇ မေ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ ရန်ကုန်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ အမှုဆောင် အရာရှိချုပ်များ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားပေးစက်ရုံမှူးများနှင့် ဓာတ်အားခွဲရုံမှူးများသည် သက်ဆိုင်ရာဒေသမှနေ၍ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ထိန်းချုပ်နေသော ကာလအတွင်း နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်နေရသည့် အခြေအနေများကို အသေးစိတ်တင်ပြကြရန် လိုအပ်ကြောင်း၊ သို့မှသာ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ပေါင်းစပ်ညှိနှိုင်း၍ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ယခုနွေရာသီကာလအတွက် ၁၁၆၆ မဂ္ဂါဝပ်အား တိုးတက်ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား စီမံဆောင်ရွက်ခဲ့ရာ မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်း သည် စီမံကိန်းလုပ်ငန်းများပြီးစီး၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် စီမံကိန်းများအနက် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပေါ်နေစဉ် ကာလအတွင်း အကန့်အသတ် ပေါင်းများစွာကြားမှ မိမိတို့၏ ရည်မှန်းချက်များကို ဟန်ချက်ညီအာရုံစိုက်၍ ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အလုံ ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ၁၀၀ မဂ္ဂါဝပ်နှင့် ကျွန်းချောင်း ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ၁၅ မဂ္ဂါဝပ်တို့ကို စတင်ထုတ်လုပ် နေပြီဖြစ်ပြီး ကျန်ရှိသည့် ဓာတ်အား ထုတ်လုပ်မှုများကိုလည်း အဆင့်လိုက် ထုတ်လုပ်သွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ LNG to Power သာကေတ ၄၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်တော့မည် ဖြစ်ပါကြောင်း။
လတ်တလောတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် နိုင်ငံတဝန်းသွားလာမှုများကို အထူးကန့်သတ်ထားသော်လည်း မိမိတို့ဌာနသည် ပြည်သူနှင့် အနီးကပ်တိုက်ရိုက်ထိတွေ့၍ ဆောင်ရွက်နေရသူများ ဖြစ်သည့်အတွက် မိမိတို့ ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို သတိကြီးစွာထား၍ ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အပေါ် မြန်မာနိုင်ငံတွင် ထိန်းချုပ်လျက်ရှိသည့် ကန့်သတ်ကာလ အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများအတွက် ဓာတ်အားသုံးစွဲမှု အထိုက်အလျောက် သက်သာစေရန် ဧပြီလအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁)ယူနစ်မှ (၁၅၀) ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့)ပေးခဲ့ပြီး ဆက်လက်၍ မေလအတွက်ကိုလည်း မေလ ၁ ရက်မှ မေလ ၁၅ ရက်အထိ အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁)ယူနစ်မှ (၇၅)ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့)ကို ထပ်မံပေးအပ်ခဲ့ပါကြောင်း၊ ဓာတ်အားခကျ သင့်ငွေများ ပေးဆောင်ရာတွင်လည်း လူစုလူဝေးဖြစ်ပေါ်မှုကို အထိုက်အလျောက် လျော့နည်းစေရန်အတွက် မတ်လအတွက် ကျသင့်သည့် လျှပ်စစ်မီတာခများကို ဧပြီလ၏ သတ်မှတ်ရက်များအပြင် မေလ ၂၀ ရက်အထိ ပေးဆောင်နိုင်ရန် ဖြေလျော့ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ရာတွင် တစ်ဖက်၌လည်း နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ရသကဲ့သို့ လျှပ်စစ်သုံးစွဲသူပြည်သူများသို့လည်း ရက်လွန်ကြေး၊ ဒဏ်ကြေးများ မပေးဆောင်စေဘဲ သတ်မှတ်ရက်များအတိုင်း ပေးသွင်းစေရေး နှိုးဆော်သကဲ့သို့ လာရောက်ပေးသွင်းရာတွင် အခက်အခဲဖြစ်မှုများ လျော့နည်းစေရန်အတွက် ရပ်ကွက် အတွင်း ကောက်ခံမှုများကိုလည်း ဆောင်ရွက် ပေးစေလိုကြောင်း၊ မီတာဖတ်ခြင်း ဆောင်ရွက်နေသော မီတာဖတ် စာရေးများကလည်း မီတာဖတ်ရာတွင် တိကျမှန်ကန် စနစ်တကျရှိရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက်စနစ်တကျ ကြပ်မတ်ရန်လည်း လိုအပ်ကြောင်း၊ အချို့ဖတ်ရန် အခက်အခဲဖြစ်သည့် နေရာများ၌ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှု ပေးနေရသည့်ဌာနဖြစ်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်ပေးနေရသည့်အတွက် ဝန်ဆောင်မှု အပိုင်းတွင် သိသိသာသာ တိုးတက်ကောင်းမွန်လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း။
မြို့နယ်တိုင်းရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများ၌ လျှပ်စစ်မီးသုံးစွဲသူပြည်သူများမှ အခက်အခဲများအား ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို သိရှိဆက်သွယ်နိုင်ရန် ဗီနိုင်းများဖြင့် ချိတ်ဆွဲထားမှုများမှ ဆက်သွယ်ဆောင်ရွက်မှုများအပေါ် ဖြေရှင်းပေးမှုများ၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း Call Center 1717 နှင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း Call Center 1616 တို့ဖြင့် Complain ဖြေရှင်းမှုများကို ဆောင်ရွက် ပေးနေသော်လည်း ထပ်မံကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူ ဖြတ်သန်းသွားလာ နိုင်သည့် ကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်၊ စျေးနှင့် လမ်းဆုံ လမ်းခွနေရာများ၌ ထပ်မံချိတ်ဆွဲနိုင်ရေး ပိုမိုကျယ်ပြန့် လာစေရေးတို့ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း လျှပ်စစ်မီးသုံးစွဲရန် ကျန်ရှိနေသည့် ၅၀ရာခိုင်နှုန်းအတွက် မိမိတို့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လျှပ်စစ်မီးသုံးစွဲမှု ၅၅ ရာခိုင်နှုန်း သို့လည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း သို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်ဖြစ်လာ စေရေးကိုလည်း ကန့်သတ်မှုများကြားကပင် ညွှန်ကြားချက်များကို လိုက်နာပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုနှင့် တနင်္သာရီတိုင်းဒေသကြီးသို့ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုများကိုလည်း ဟန်ချက်ညီအာရုံစိုက်၍ သတ်မှတ် ကာလများအတွင်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ထိန်းချုပ်လျက်ရှိသည့် ကန့်သတ်ကာလအတွင်း မိမိတို့၏လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရေး အထူးဂရုပြုပြီး အာရုံစိုက်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက် နိုင်သည့် အချိန်အခါသို့ ရောက်ရှိပြီဖြစ်သဖြင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများ၊ စီမံကိန်းညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ကိုဗစ်-၁၉ မတိုင်မီ စီမံကိန်းလျာထားချက်၊ ကိုဗစ်-၁၉ ကြောင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာဖြစ်ပေါ်နေမှု အခြေအနေများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်ကာလ များ၏ ဆက်လက်ဆောင်ရွက်ပြီးစီးနိုင်မည့် လုပ်ငန်းအစီအစဉ်များအား အသီးသီးရှင်းလင်းတင်ပြကြပြီး အမြဲတမ်း အတွင်းဝန်က သဘာဝဘေးအန္တရာယ်ကျရောက်ပါက လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေများအား တင်ပြရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြသည်။
ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


