မကွေး    ၁၇  မေ  

 

မကွေးပညာရေးကောလိပ်တွင် Quarantine ထားရှိသော မလေးရှားမှ ပြန်လည်ဝင်ရောက်လာသည့် ၂၄ ဦးသည်  ကိုဗစ်-၁၉ ရောဂါ လူနာအမှတ် Case-182 နှင့် လေယာဉ်အတူစီးခဲ့ဖူးသဖြင့်  ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိကို သိနိုင်ရန် မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ယနေ့ နံနက်ပိုင်း က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

Quarantine ဝင်ရောက်နေသူ ၂၄ ဦးမှာ ကိုဗစ်လူနာအမှတ် Case-182 နှင့်အတူ မလေးရှားမှ လေယာဉ်အတူစီး၍ ပြန်လာသူများဖြစ်သော်လည်း ပိုးတွေ့ထားသူနှင့် လေယာဉ်စီးရသည့်နေရာမှာ နီးကပ်မှုမရှိခဲ့ကြောင်း၊ ထိတွေ့ဆက်ဆံမှုများလည်း မရှိခဲ့ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

 

မကွေးပညာရေးကောလိပ် Quarantine ၌ ရောက်ရှိနေသူ ၂၄ ဦးမှာ ရေနံချောင်း (၂)ဦး၊ ချောက်(၁)ဦး၊ တောင်တွင်းကြီး (၄)ဦး၊ မြို့သစ် (၁)ဦး၊ နတ်မောက် (၁)ဦး၊ မင်းဘူး (၁)ဦး၊ ဆင်ပေါင်ဝဲ (၁)ဦး၊ သရက် (၃)ဦး၊ ကံမ (၃)ဦး၊ မင်းတုန်း (၁)ဦး၊ စလင်း (၁)ဦး၊ အောင်လံ (၄)ဦးနှင့် ဆော(၁)ဦး စုစုပေါင်း ကျား(၂၃)ဦးနှင့် မ(၁)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ နှာခေါင်း၊ အာခေါင် တို့ပတ်များကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လာရောက်ရယူကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို KS ပရဟိတအဖွဲ့မှ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)