မုံရွာ ၁၇ မေ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီက ရွှေဘိုခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် မုံရွာ - အရာတော် - ရွှေဘို လမ်းမကြီးနှင့် ဆက်သွယ် လျက်ရှိသော ဝက်လက်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသည့် စိုင်နိုင်ကွေ့ - မင်းကျီ - ကျတောက်တိုင် - မြင်းသည် - ကွန်ဆိပ်လမ်းအား ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများဆောင်ရွက်နေမှု ရှင်းလင်းတင်ပြချက်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ စိုင်နိုင်ကွေ့ - မင်းကျီ - ကျတောက်တိုင် - မြင်းသည် - ကွန်ဆိပ် လမ်းသည် ၂၀ ဒသမ ၄၂၄ ကီလိုမီတာ ကွာဝေးပြီး မူလကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ခွင့်ပြုငွေကျပ် ၆၁၈၅ ဒသမ ၄၇၄ ကျပ်သန်း အကုန်ကျခံ၍ Mann Pyi Dagon ကုမ္ပဏီနှင့် Royal Golden Power ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်း ပြီးစီးသွားပါက ကျေးရွာပေါင်း (၁၂) ရွာရှိ အိမ်ခြေ ၃၃၂၁ အိမ် လူဦးရေးပေါင်း ၁၄၁၂၂ ဦးတို့၏ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စွာဖြင့် သွားလာနိုင်ပြီး ဒေသခံပြည်သူများရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတက်တာ လာမည် ဖြစ်သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝက်လက်မြို့နယ် ရွာတော်ကုန်းကျေးရွာရှိ အဆင့်မြှင့်လယ်ယာ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည်ရှုစစ်ဆေးပြီး စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်းပြီး လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွာတော်ကုန်းကျေးရွာ အဆင့်မြှင့်လယ်ယာမြေ ဖော်ဆောင်ခြင်းလုပ်ငန်းကို JICA (ODA Loan)မှ ထောက်ပံ့ပေး လျက်ရှိပြီး တောင်သူ (၆၇) ဦး၏ ဧရိယာစုစုပေါင်း ၃၁၅ ဒသမ ၀၉ ဧကကို စုပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
ထို့နောက် ကမ္ဘာအမွေအနှစ် ရှေးဟောင်းစာရင်းဝင် ဟန်လင်းမြို့ဟောင်းသို့ ရောက်ရှိပြီး ရှေးဟောင်းသုတေသန လုပ်ငန်းများ တူးဖော်ဆောင်ရွက် ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


