နေပြည်တော် ၁၈ မေ
မြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝသည့် နိုင်ငံမဟုတ်ပေ။ ဖွံ့ဖြိုးစနိုင်ငံဖြစ်ပြီး ကိုယ့်ခွန်ကိုယ့်အား စုပေါင်း အားဖြင့် ကြိုးစားထားသည့် သင့်တင့်သော ဥစ္စာဓနသာ ပိုင်ဆိုင်သည်။ ဥစ္စာဓနကြွယ်ဝချမ်းသာသည့်နိုင်ငံ မဟုတ် သော်ငြားလည်း သူတစ်ပါးတို့အား ချီးမြှင့်သည့် "သင်္ဂဟတရား" ထွန်းကား သောနိုင်ငံဖြစ်သည်။ အထူးသဖြင့် အများပြည်သူတို့ ဒုက္ခဆင်းရဲ အခက်အခဲများ ကြုံတွေ့နေရချိန်တွင် နိုင်ငံသားအချင်းချင်း ဥစ္စာဓန တတ်နိုင်သမျှ ကူညီထောက်ပံ့ကြသလိုနိုင်ငံတော်အစိုးရကလည်း ဒုက္ခအခက်အခဲကြုံတွေ့ နေရသော ပြည်သူ များအား ကူညီထောက်ပံ့ချီးမြှင့်ပေးလေ့ရှိသည်။
မင်္ဂလာတရားတော်နှင့်အညီဖြစ်သည့် ပေးကမ်းချီးမြှင့်ထောက်ပံ့ခြင်း ဒါနတည်းဟူသော အမှုကိုပြုရာ၌ ကာလ ဒါန အမှုသည် လိုအပ်နေချိန်တွင် ချီးမြှင့်ပေးသည့် အလွန်မွန်မြတ်သောကောင်းမှု ဖြစ်သည်။ မြန်မာ နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ပြည်သူအများစုမှာ အလုပ်အကိုင်များ တုံ့ဆိုင်း သွား မှုကြောင့် ဒုက္ခဆင်းရဲ အခက်အခဲအမျိုးမျိုး ဖြစ်ကြရသည်။ အထူးသဖြင့် တစ်နေ့လုပ်မှတစ်နေ့စားရသည့် အောက်ခြေအခြေခံ လူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများကြုံတွေ့ရသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားသည်နှင့် လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စားသောက်ကုန်ပစ္စည်းငါးမျိုးကို ဦးစွာဖြန့်ဝေ လှူဒါန်း ထောက်ပံ့ ပေးခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံလူတန်းစား တစ်အိမ်ထောင်လျှင် တန်ဖိုးငွေကျပ် တစ်သောင်း ကျော် နှစ်သောင်းဖိုးနီးပါး ရှိသည့် စားသောက်ကုန်ပစ္စည်းငါးမျိုးကို ဖြန့်ဝေထောက်ပံ့ရာ၌ လက် လုပ် လက်စား အိမ်ထောင်စုများ မကြွင်းမကျန်ရအောင် တိကျစွာစာရင်းကောက်ယူပြီး နိုင်ငံတော်က ငွေကျပ် ဘီလီယံ ၅၀ ကျော် အကုန်အကျခံ သုံးစွဲ ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော လူဦးရေနှင့် အိမ်ထောင်စုစာရင်း အရ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၁ သန်းနီးပါးရှိပြီး ယင်းတို့အနက် လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း လေးသန်းခန့် ကို ပေးဝေထောက်ပံ့နိုင်ခဲ့သဖြင့် အခြေခံပြည်သူများကိုယ်စား ဝမ်းမြောက် မိပါသည်။ လက်လုပ်လက်စား အိမ်ထောင်စု အရေအတွက်အရ လွှမ်းခြုံ ထောက်ပံ့နိုင်မှုရှိသော်လည်း ဒေသအလိုက်ကုန်ပစ္စည်းတန်ဖိုးအရ ကွာဟ မှုများရှိသည့်အပေါ် ဝေဖန်ပြောဆိုမှုများ ကြားသိရပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက အခြေခံ လူတန်းစား လက်လုပ်လက်စားများအား နောက်တစ်ကြိမ်ထောက်ပံ့ရာ၌ စားနပ်ရိက္ခာမထောက်ပံ့ဘဲ ငွေကြေး ထောက်ပံ့ပေးရန် အစီအစဉ်ရှိသည်ဟုကြားသိရသည်မှာ လျော်ကန် သင့်မြတ်ပါသည်။
စားနပ်ရိက္ခာပစ္စည်းများမှာ ကုန်ပစ္စည်းအမျိုးအစား၊ ကာလတန်ဖိုး များအရ မတူကွဲပြားကြရာ အငြင်းပွားဖွယ် ရှိနိုင်သဖြင့် တိကျသောငွေ ကြေးတန်ဖိုးထောက်ပံ့ခြင်းကိုလက်လုပ်လက်စား အခြေခံပြည်သူများအနေ ဖြင့် ကျေနပ် နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ ယခုအခါ တိုးတက် လာသော မိုဘိုင်းဆက်သွယ်ရေး စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များကို ကျေးလက်ဒေသများအရောက် ဆောင်ကြဉ်းနိုင်ပြီဖြစ်၍ မြန်မာ နိုင်ငံတစ်ဝန်းရှိ အတိအကျကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအရ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်ကိုက်ညီသည့် လက်လုပ် လက်စား အခြေခံလူတန်းစားများအား လွယ်လင့်တကူ ငွေကြေး ထောက်ပံ့ ကူညီနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက လက်လုပ်လက်စား အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ရေးအ စီအစဉ်ကို အမြန်ဆုံးထောက်ပံ့နိုင်အောင် စီစဉ်ဆောင်ရွက်နေပြီဖြစ်ရာ ပထမအကြိမ်ထောက်ပံ့မှုကို သင်ခန်း စာယူ၍ ဒုတိယအကြိမ်တွင် ပိုမိုကောင်းမွန်သည့် ထောက်ပံ့မှုအစီအစဉ်ကို ကြိုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် အိမ်ထောင်စု ၁၁ သန်းနီးပါးရှိ သည့်အနက် အမှန်တကယ်လိုအပ်နေသည့် အခြေခံ လူတန်းစား အိမ် ထောင်စု လေးသန်းနီးပါး အကူအညီအထောက်အပံ့ရရှိသည်ကို ကျန်အိမ်ထောင်စု များက မုဒိတာ ပွား ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြမည်ဟု မျှော်လင့်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ဗြဟ္မစိုရ်တရား ထွန်းကားသောနိုင်ငံဖြစ်ပြီး ယခုကဲ့သို့ ဘေးဒုက္ခ အခက်အခဲများ ကြုံတွေ့နေရချိန်တွင် အမှန်တကယ် လိုအပ်နေသူများအား နိုင်ငံတော်အစိုးရနှင့်ပြည်သူအပေါင်းတို့က "သင်္ဂဟ တရား" ဖြင့် ဝိုင်းဝန်းချီးမြှောက်ထောက်ပံ့ခြင်းဖြင့် ကောင်းခြင်း မင်္ဂလာအဖြာဖြာဝေဆာပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဘေးဘယာ ဝေးကွာ၍ အေးချမ်းသာယာမည်ဟု ယုံကြည် ထားပါကြောင်း။ ။
ကြေးမုံ