စလင်း ၁၈ မေ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်သည် ထန်းပင် ထန်းတောများစွာ ပေါက်ရောက်လျက်ရှိသော အညာဒေသဖြစ်သည်နှင့်အညီ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထန်းလျက်ချက်လုပ်ငန်းကို နှစ်စဉ်တပေါင်းလမှစတင်၍ တော်သလင်းလထိ မိရိုးဖလာ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် ချက်လုပ်လျက်ရှိကြောင်း သိရသည်။
ထန်းနို့ရည်ထွက်ပေါများသော ယခုလိုကာလတွင် ထန်းတက်သမားတစ်ဦးသည် တစ်ရက်လျှင် ထန်း အပင် ၆၀ ထိတက်ရောက်နိုင်ပြီး ပင်ကျရည်ထန်းမြူအိုး ၁၂၀ ခန့်ရရှိသည်။ ထန်းလျက်ချက်ရာတွင် ထန်းမြူအိုး ၄ မြူလျှင် ထန်းလျက်ခဲ တစ်ပိဿာထွက်ရှိပြီး တစ်ရက်လျှင် ထန်းလျက်ပိဿာချိန် ၃၀ ချက်လုပ် နိုင်ကြောင်းသိရသည်။
"ကျွန်တော်တို့ ထန်းလျက်ချက်လုပ်ငန်းကို မိရိုးဖလာတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် နှစ်စဉ် ထန်းလျက်ချက်ရာသီချိန်ရောက်တိုင်း လုပ်သား ၅ ဉီးဖြင့်လုပ်ကိုင်လျက်ရှိပါတယ်။ ထန်းတက်လို့ ရလာတဲ့ ထန်းနို့ရည်တွေကို ဒယ်အိုးထဲထည့်၍ ဦးစွာမီးဖိုပေါ်မှာ စဉ်ဆက်မပြတ်မွှေပေးပြီး စတင်ကြိုချက်ပါတယ်။ ကြိုချက်လိုက်တဲ့ထန်းနို့ရည် စေးဖန့်လာတဲ့အချိန်မှာ အအေးခံထားတဲ့ အောက်အိုးထဲတစ်ဖန်ပြန်ထည့်၍ ထပ်မွှေပါတယ်။ ထန်းလျက်ရည်တွေ မပူမအေးအချိန်မှာ မိမိလိုချင်တဲ့ထန်းလျက်ခဲပုံဖြစ်အောင် သစ်သား ယောက်ချက်ဖြင့် ကြာပုံ၊ ရှပ်ပြား၊ လက်ခေါက်ပုံဖြစ်အောင်ပြုလုပ်ရပါတယ်။ ဒေသပေါက်ဈေးအနေဖြင့် ထန်းလျက်တစ်ပိဿာ ကျပ်- ၂၁၀ဝ ဈေးဖြင့် ထန်းလျက်ပွဲစားမှ တစ်ဆင့်အနယ်နယ် အရပ်ရပ်သို့ပေးပို့ရောင်းချကြောင်း" မြောက်ချောင်းဖြူကျေးရွာနေ ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်သူ ဦးရီလင်းက ပြောကြားသည်။
စိုးမိုးသူ(စလင်း)


