ဟားခါး ၁၈ မေ
ချင်းပြည်နယ်၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုနှင့် အတူ ဟားခါးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မေ ၁၈ ရက် နံနက် ၁၀ နာရီအချိန်က စစ်ဗျူဟာအဖွဲ့အခြေချ (ဟားခါး)မှ ဗိုလ်မှူးကြီး သန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ရောက်ရှိ၍ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အဦနံရံများ၊ တံခါးပေါက်များနှင့် ရုံးပတ်ဝန်းကျင်များအား ပိုးသတ်ဆေးများပက်ဖျန်းပြီးနောက် ဝန်ထမ်းများနေသည့် လိုင်းခန်းများ၊ အရာရှိနေအိမ်များကို ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြရာ စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)မှ ဗိုလ်မှူးကြီးသန့်ဇင်ဦးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ချင်းပြည်နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကော်မတီ၏ လမ်းညွှန်ချက်နှင့်အတူ စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)အနေဖြင့် ဟားခါးမြို့အတွင်းရှိ ဌာနဆိုင်ရာများ ရုံးအဆောက်အဦများ၊ ဘာသာရေးကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် Facility Quarantine ထားရှိသည့် နေရာများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


