လှိုင်းဘွဲ   ၁၈  မေ 

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ လစဉ်ဆောင်ရွက်ပေးလျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ကာလအတွင်း ဧပြီ ၁ ရက်နေ့မှ စတင်ရပ်ဆိုင်းထားခဲ့ရာ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင် လူစုလူဝေးမဖြစ်အောင် (၁)ရက်လျှင် ကလေး အယောက်(၅၀)အား သတ်မှတ်ထားသော နေ့ရက်များအလိုက် ကြိုတင်စာရင်းပေးပြီး တစ်ပတ်လျှင်(၅)ရက်ဖြင့် ရက်သတ္တပတ်(၂)ပတ်ကို ရပ်ကွက်အလိုက် ခွဲခြား၍ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

အသက်(၂)နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါဘီရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်ပြန်/ဆက်