နောင်တရား ၁၈ မေ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နောင်တရားမြို့ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုများမှ စေတနာ့ဝန်ထမ်း (Volunteer)များနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲ၌ ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူးက အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine များအား ပညာရေးဌာနသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းနိုင်ရေး၊ လူတိုင်းကိုယ်စီ နေအိမ်ပြင်ပသို့ ထွက်ရှိပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေးတို့ ပြောကြားသည်။
နောင်တရားမြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာငြိမ်းငြိမ်းအိက ပြည်တွင်းပြည်ပမှ ထပ်မံဝင်ရောက်လာမည့် သူများအား Quarantine Centre များတွင် ထားရှိနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ရေး၊ နေအိမ်ပြင်ပသို့ ထွက်ရှိပါက စနစ်တကျ နှာခေါင်း စည်း (Mask)များ တပ်ရှိရေး၊ နှာခေါင်းစည်း(Mask) များရရှိနိုင်မည့် နည်းလမ်းများကို ချပြဆွေးနွေး ပြီး ကျန်းမာရေးမှူး ဉီးနေမျိုး က ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။
ဆက်လက်၍ စေတနာ့ဝန်ထမ်း(Volunteer)များက ကျေးရွာများ၌ လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ခွန်အောင်(နောင်တရား)


