မန္တလေး ၁၈ မေ
မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ Volunteer ဆောင်ရွက်နေသူ လေးထောင်ကျော်ရှိပြီး ထပ်မံစာရင်းပေးသွင်းထားသူ တစ်ထောင်ရှစ်ရာကျော်ရှိကြောင်း ကိုဗစ်-၁၉ ကာလအတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊ အစိုးရ မဟုတ်သောအဖွဲ့များ၊ Volunteer အဖွဲများနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ Volunteer ဆောင်ရွက်နေသူ (၄၀၄၃)ဦး ရှိပြီး ထပ်မံစာရင်းပေးသွင်းထားသူ(၁၈၀ဝ)ကျော်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လက်ရှိ Volunteer ဆောင်ရွက်နေသူ လေးထောင်ကျော်တွင် အမျိုးသား အများစုဖြစ်နေပြီး အမျိုးသမီး Volunteer များလိုအပ်လျက်ရှိကြောင်း၊ Quarantine Center များတွင် ကျား/မ ခွဲခြားကာ ဆောင်ရွက်သည့် အတွက် အမျိုးသမီး Volunteer များ နည်းနေသေးကြောင်း ၎င်းက ပြောကြားသည်။
မြို့နယ်အလိုက် Volunteer အဖွဲ့များ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးတဲ့ Volunteer များကို သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနများမှ သင်တန်းပေးထားပြီးဖြစ်ကြောင်း၊ ကူညီဆောင်ရွက်ပေးတဲ့အခါမှာ အမျိုးသားလည်းရှိတယ်၊ အမျိုးသမီးလည်းရှိတဲ့ အတွက် အမျိုးသားအချင်းချင်း၊ အမျိုးသမီး အချင်းချင်း ကူညီဆောင်ရွက်ပေးတာ ပိုပြီး အဆင်ပြေပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် Volunteer များအား ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သင်တန်းပေးလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


