ဟိုပုံး ၁၈ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဟိုပုံးမြို့အဝင်ပေါက်တွင် ဖြတ်သန်းသွားလာသော ပြည်သူများအား ကျန်းမားရေး စစ်ဆေးပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်နေဇော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဟိုပုံးမြို့အဝင်ပေါက်တွင် ဖြတ်သန်းသွားလာသော ပြည်သူများအား လက်ဆေးဆပ်ပြာရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျ မှတ်တမ်းကောက်ယူခြင်း၊ အပြင်သို့သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာစေရန်နှင့် ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းကြရန် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


