မြစ်ကြီးနား ၁၈ မေ

 

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၈)ဦး တက်ရောက်သည်။

 

အစည်းအဝေးတွင် အစားထိုးတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်မောင် (ကြည်း-၂၃၇၅၂)နှင့် ဗိုလ်မှူးဉာဏ်လင်းထွန်း (ကြည်း-၄၃၁၆၉)တို့က လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက မချမ်းဘောမြို့နယ်၊ မန်နိုကျေးရွာအုပ်စု၊ နမ်ဘူယန်- ဇော်ကန်-မန်နို-ပန်ဆပ်လမ်းပိုင်းရှိ ဇော်ကန်၊ မန်နို၊ ပန်ဆပ်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်း၊ မိုးညှင်းမြို့နယ် အုတ်ကျင်းရပ်ကွက်မှ ပင်ရဲလှ ကျေးရွာကို ဖြတ်၍ နန့်ပုတ်ကျေးရွာသို့ ဆက်သွယ်ထားသော အရှည် (၂)မိုင်၊ အကျယ် (၁၂)ပေ ကိုယ်ထူ ကိုယ်ထလမ်းသည် မိုးတွင်းကာလအတွင်း ရွှံ့နွံများဖြင့် သွားလာရန် ခက်ခဲသဖြင့် ၎င်းလမ်းအား အရှည် (၂)မိုင်၊ အကျယ် (၁၆)ပေ အဖြစ် အဆင့်မြင့် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မံစီမြို့နယ် ဟန်ထက်ကျေးရွာအုပ်စုအတွင်းရှိ မံမကောက်ကျေးရွာနှင့် သစ်ဆုံးကျေးရွာ နှစ်ရွာအား မိုးယုချောင်းခြားထားသောကြောင့် ဒေသခံတောင်သူများ သွားလာမှုခက်ခဲပြီး လယ်ယာထွက်ကုန် ပစ္စည်းများ သယ်ဆောင်ရာတွင် လွယ်ကူအဆင်ပြေစေရန် မိုးယုချောင်းအတွင်း၌ ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန် လယ်ကွင်းတွင် ဦးပိုင်တောင်သူ (၈၅) ဦး လုပ်ကိုင်လျက်ရှိသော စိုက်ပျိုးလယ်ယာမြေ ဧရိယာ(၃၄၅)ဧက ရေရှိနိုင်ရေးအတွက် လယ်ဦးထိပ် အထက်မှ ပေ(၂၀)ခန့် အကွာရှိ ခလားချောင်းရေးကို တောင်သူများ စုပေါင်းအင်အားဖြင့် မြေလွှဲဆည်တည်ဆောက်ခဲ့ရာ နှစ်စဉ်မိုးရာသီအချိန်တွင် ပြိုကျ ပျက်စီးလျက်ရှိပါသဖြင့် ၂၀၂၀ မိုးရာသီ စပါးစိုက်ပျိုး ချိန်အမီ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နိုင်ရန်အတွက် ရေတား တမံ၊ ရေကာတာနှင့် ရေလွှဲဆည်တို့အား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် မေးခွန်း (၅)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ “၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာအထိ) အရအသုံးခန့်မှန်းခြေငွေ စာရင်း” ကို လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်း ဆိုင်ရာကော်မတီက စိစစ်အကြံပြုချက်များကို ဆွေးနွေးတင်သွင်းခဲ့ပြီး လွှတ်တော်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။

 

ပြည်နယ်ပြန်/ဆက်