နေပြည်တော် ၁၈ မေ
ကမ္ဘာတစ်ဝန်း၌ လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ အခြေအနေအရ နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်း ထားခြင်းကြောင့် မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲဖြစ်လျက်ရှိသည့် သီရိလင်္ကာနိုင်ငံရှိ မြန်မာစာသင်သား ရဟန်းသံဃာ ၁၃၀ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၁၇ ဦးနှင့် မော်ဒိုက်နိုင်ငံရှိ မြန်မာနိုင်ငံသား ၁၈ ဦး စုစုပေါင်း ၁၆၆ ဉီးအား သီတဂူဆရာတော်ကြီး၏ စီစဉ်မှုဖြင့် ၁၆-၅-၂၀၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၇ မိနစ် အချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ကိုလံဘို အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လာနိုင်ရေးအတွက် မြန်မာသံရုံး၊ ကိုလံဘိုမြို့ သည် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းလျက် လိုအပ်သည်များ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်နှင့် ဝိပဿနာတက္ကသိုလ်ရှိ ယောဂီဆောင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ် ချက်များနှင့်အညီ(၂၁) ရက် Facilities Quarantine အဖြစ် သီတင်းသုံး/ နေထိုင်စေပြီး ဆွမ်း၊ကွမ်း/ အစားအသောက် ကိစ္စများအတွက် သီတဂူဆရာတော်ကြီးမှ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Credit#နိုင်ငံကြားရေးဝန်ကြီးဌာန


