နေပြည်တော် ၁၈ မေ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

‌amt1

 

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းခြင်း၊ ပြည်သူများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို သိရှိနိုင်ရေးအတွက် ကွင်းဆင်းလေ့လာခြင်းနှင့်အတူ ဒေသဖွံ့ဖြိုးရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ် မြေအသီးသီး၏ အကျိုးဖြစ်ထွန်းစေမည့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျန်းမာချမ်းသာစွာဖြင့် မဲဆန္ဒရှင်ပြည်သူများ အကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက်     ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၏ (N) မမြဲဦးပိုင်ထွက်ရှိထားသည့် လယ်ယာမြေများကို အမြဲဦးပိုင်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ(၇) ရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက “၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ”အရ လျှောက်ထားစေခြင်းများမှာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း ရှိ/မရှိနှင့် တည်ဆဲဥပဒေဖြစ်သည့် မြန်မာနိုင်ငံ မြေစာရင်း လက်စွဲ ဥပဒေ ပုဒ်မ (၅၈၂)ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ (N) မမြဲဦးပိုင်မှ အမြဲ ဦးပိုင်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ဥပဒေ ပုဒ်မ (၅၈၂) ပါပြဋ္ဌာန်းချက်သည် မြေမျိုးပြောင်းလဲသတ်မှတ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်အရ စိုက်ပျိုးမှုအခြေအနေ တည်မြဲသည် မမြဲသည်ကို ဆုံးဖြတ်ရာတွင်လည်း လက်တွေ့ဖြေရှင်းသည့်အခါ ပြဿနာများရှိသည်ကို အတိအလင်း ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ကွင်းဖွဲ့တိုင်းတာခြင်းနှင့် ဦးပိုင် ပိုင်ဆိုင်မှုစာရင်း ကောက်ယူနိုင်ခြင်းတို့ မရှိသေးသည့် ဒေသများရှိ မမြဲဦးပိုင်များကို အမြဲဦးပိုင် ပြောင်းလဲရာတွင် မဖြစ်နိုင်သေးပါကြောင်း၊ ထို့ကြောင့် အဆိုပါ အခြေအနေတွင် မြေမျိုးကြီးအနေဖြင့် မြေလွတ်၊ မြေလတ်၊ မြေရိုင်းစာရင်းများအဖြစ်သာ မှတ်သားတည်ရှိနေခြင်း ဖြစ်ပါကြောင်း။

 

ထို့ကြောင့် ပထမဦးစွာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် ရရှိရေးလျှောက်ထားစေပြီး စိုက်ပျိုးမှုတည်ငြိမ်လာသည့်အခါမှသာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေး ဆက်လက်လျှောက်ထားစေခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့မှသာ ဥပဒေနှင့်ညီညွတ်စွာ စီမံဆောင်ရွက်သွားနိုင်မည့် အခြေအနေ ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအနေဖြင့် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသား လူငယ်များအတွက် လူငယ်စင်တာဖြစ်ပေါ်လာရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာနှစ်အလိုက် ရခိုင်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ဂျက်ငွေများ မည်ကဲ့သို့ သုံးစွဲနေကြောင်း သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (၂)ဦးရှိပါကြောင်း၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအနေဖြင့် ရခိုင်တိုင်းရင်းသားလူငယ်များအတွက် လူငယ်စင်တာအပြင် ရခိုင်တိုင်းရင်းသားများအားလုံး အသုံးပြုနိုင်ရန်အတွက် ရခိုင်ကွန်မြူနတီစင်တာတစ်ခု ဖြစ်ပေါ်လာရေးကို အဓိကရည်ရွယ်ချက်တစ်ခုအဖြစ် ထားရှိကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနများကို စနစ်တကျ ဆောင်ရွက်လာနိုင်ပြီး ရခိုင်လူငယ်ကွန်မြူနတီစင်တာ ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း (၇၀၀)၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း (၂၃၀၀)၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၉၉၅ ဒသမ ၅၈) သိန်း၊ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း (၃၇၀) တို့ဖြင့် ဆရာတော်ဦးဥတ္တမ၏ သမိုင်းမှတ်တမ်း၊ ရခိုင်ဝေါဟာရအဘိဓာန် (ဒုတိယ အကြိမ်)၊ ရခိုင်ရှေးဟောင်းမြို့တော်များ စသည့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများ၊ ရခိုင်အမျိုးသားနေ့၊ ဆရာတော်ဦးဥတ္တမနေ့၊ ရခိုင်ပြည်နယ်နေ့၊ ရခိုင်ရိုးရာသင်္ကြန်စသည့် အခမ်းအနားပွဲတော်များအပြင် ရခိုင်ရိုးရာ နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ရတုပြိုင်ပွဲနှင့် ရခိုင်ရိုးရာသီချင်းပြိုင်ပွဲများ စသည်တို့ကို ယဉ်ကျေးမှုပြန် လည်ဖော်ထုတ်ရေး အစီအမံများအနေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။

 

ထို့ပြင် ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ရခိုင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်၊ ရခိုင်လူငယ်အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့်အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ရခိုင်တိုင်းရင်းသားလူငယ်များအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါပွဲတော်များ ကျင်းပသည့်အခါတွင် ရခိုင်တိုင်းရင်းသားများသာမက ကျန်တိုင်းရင်းသားများအနေဖြင့်လည်း ပါဝင်ဆင်နွှဲလျက်ရှိပါကြောင်း၊ အလားတူ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင်ရှိသည့် တိုင်းရင်းသားလူမျိုးစုများ၏ နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ် အခမ်းအနားများကို စီစဉ်ကျင်းပပေးနေရုံသာမက တိုင်းရင်းသားလူမျိုးစုများ၏ တွေ့ဆုံရပ်အဖြစ်လည်း ဆောင်ရွက်ပေးနေပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း နေထိုင်ကြသော ရာ့၊ ဒါးရင်ဒူး၊ ဥပ်(ပူး)၊ ဒိုင်၊ မွင်းစ သည့် မျိုးနွယ်စုများ၏ တိုင်းရင်းစာပေ သင်ကြားမှုအား မည်ကဲ့သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုခြင်းနှင့် ဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၌ ရာ့၊ ဒါးရင်ဒူး၊ ဥပ်(ပူး)၊ ဒိုင်၊ မွင်း စာပေများကို အခြေခံပညာ ကျောင်းပေါင်း (၁၂၁) ကျောင်းတွင် တိုင်းရင်းသားဘာသာသင် Teaching Assistant (၉၁) ဦး၊ Language Teacher (၁၁၂)ဦးဖြင့် သင်ကြားလျက်ရှိပါကြောင်း၊ အဆိုပါစာပေများ သင်ကြားရန်အတွက် ဆရာ၊ ဆရာမများခန့်ထားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပေးပို့တင်ပြလာသော လျှောက်ထားသူများအား သတ်မှတ်ချက်နှင့်အညီ စိစစ်ရွေးချယ်ပြီး ၎င်းတို့ဆန္ဒပြုသည့် ကျောင်းများ၌ ခန့်ထားဆောင်ရွက်ပေးနေပါကြောင်း၊ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော တိုင်းရင်းသားဘာသာသင်ရိုး၊ ကျောင်းသုံးပုံနှိပ်စာအုပ်များဖြင့် သင်ကြားလျက်ရှိသော  ကျောင်းသား/ ကျောင်းသူဦးရေ၊ ဆရာ/ ဆရာမဦးရေနှင့် တိုင်းရင်းသားဘာသာအလိုက် လိုအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို  ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ ချင်းပြည်နယ်အတွင်း ချင်းတိုင်းရင်းသားလူမျိုးစုများ၏ စာပေများ ရှင်သန်ဖွံ့ဖြိုးနိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲကို လည်းဖြစ်ပေါ်စေဆိုသည့် အခြေခံမူအား လိုက်နာ၍လည်းကောင်း သတ်မှတ်သင်ကြား ခွင့်ပြုထားသည့် ချင်းတိုင်းရင်းသားဘာသာများကို ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းပြည်နယ်လွှတ်တော်တို့အနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသင့်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လည်းပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားစာပေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်အတွင်းရှိသည့် ချင်းတိုင်းရင်းသား ဘာသာစာပေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့မှ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်ထားရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျကျေးရွာနှင့် ကျေးတောကျေးရွာအုပ်စုတို့မှ လယ်သမား (၂၃)ဦးတို့၏ လယ်မြေ (၁၄၂ ဒသမ ၄၉၇)ဧက သိမ်းဆည်းမှုအား ကျေးရွာနှင့် မြို့နယ်အဆင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၇၁) နန္ဒဘာကွင်း၊ ဦးပိုင်အမှတ် (၈၀/၃)၊ ဧရိယာ (၀ ဒသမ ၇၃)ဧကရှိ ယာမြေအား အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင် လုပ်ငန်းစာတွဲအမှတ်၊ ၁၆/ လယ(၃၀)/ ၂၀၁၆ - ၂၀၁၇/ မကွေး/ ပွင့်ဖြူ အမှုတွဲသည် လိုအပ်ချက်တစ်စုံတစ်ရာ မရှိသည့်အတွက် အမြန်ဆုံး ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ နှင့် ၂၀၁၆ခုနှစ် ဩဂုတ် ၉ ရက်နေ့က လုပ်ငန်းစာတွဲ စတင်ဆောင်ရွက်ခဲ့ရာ မည်သည့်အတွက် (၃)နှစ်ကျော်ကြာမြင့်နေသည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဌေးကြွယ်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်တို့နှစ်ဦး ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြောင်း အဆိုတင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို မှတ်တမ်းတင်ရန် လွှတ်တော်၏ ဆန္ဒရယူရာ လွှတ်တော်က သဘောတူသည့်အတွက် မှတ်တမ်းတင်ကြောင်းနှင့် ယင်းအဆိုနှင့် စပ်လျဉ်းသည့် မှတ်တမ်းကို သပ်ရပ်စွာပြုစု၍ ကွယ်လွန်သူတို့၏ အမွေခံတို့ထံသို့ ပေးပို့ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးကြွယ်နှင့်ဦးကျော် ကျော်တို့သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်မှစ၍ ကွယ်လွန်အနိစ္စရောက်သည့်နေ့တိုင် စိတ်ဓာတ်ခိုင်မာစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူများအပေါ် တာဝန်ကျေပွန်မှုများအတွက် အမျိုးသားလွှတ်တော်က ဂုဏ်ပြုသည့်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက (၂)မိနစ် မတ်တတ်ရပ်၍ ငြိမ်သက်ကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ဒုတိယနေ့ကို မေ ၁၉ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်