ရန်ကုန် ၁၈ မေ
Aye Khin Medicine ကုမ္ပဏီ၏ မတည်ပံ့ပိုးကူညီမှုဖြင့် Gold Lite Myanmar ကုမ္ပဏီနှင့် Sawadee Electronic ကုမ္ပဏီတို့ ပါဝင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက်တွင် နှာခေါင်းစည်း အခု ၁၅၀၀ နှင့် ပိုးသတ်လက်သန့်ဆေးရည်ဘူး ၆၀ တို့ကို လာရောက်လှူဒါန်းရာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)မှ စာတည်းမှူး (ရန်ကုန်တာဝန်ခံ) ဦးလှရွှေနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပြန်လည်ပေးအပ်သည်။
လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အလှူရှင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းညွန့်က "ကျွန်တော်တို့က လှူဒါန်းချင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ပူးပေါင်းလှူဒါန်းဖြစ်တာပါ၊ ကျန်တဲ့ရည်ရွယ်ချက်တော့ မရှိပါဘူး၊ အခု ကျွန်တော်တို့ လှူဒါန်းတဲ့ နှာခေါင်းစည်းတွေကလည်း အရည်အသွေးကောင်းမွန်ပါတယ်။ ကောင်းမွန်တဲ့အတွက် သုံးတဲ့နေရာမှာလည်း လုံခြုံမှုရှိသလို မျက်မှန်တပ်တဲ့သူတွေအတွက် ရေငွေ့ရိုက်တာမျိုးတွေလည်း မရှိဘူးဆိုတဲ့ တုန့်ပြန်မှုတွေကို ရရှိပါတယ်၊ လှူဒါန်းမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု ပြောသည်။
အဆိုပါ အဖွဲ့သည် မေ ၁၁ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ နှာခေါင်းစည်း အခု ၇၂၀၀ ကိုလည်းကောင်း၊ မေ ၁၃ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်သို့ နှာခေါင်းစည်း အခု ၉၀၀ ကိုလည်းကောင်း လှူဒါန်းခဲ့ပြီး ဆက်လက်၍ လှူဒါန်းမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-အေးမင်းသူ


