မင်းဘူး ၁၈ မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဦးဩဘာသလမ်းအား ပြည်သူများ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းခင်းကျင်းရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၁၄ ဒသမ ၅၄ ကျပ်သိန်းဖြင့် လမ်းအရှည် ၁၃၅၀ ပေ x အကျယ် ၁၈ ပေ x ထု ၉ လက်မရှိ ကွန်ကရစ်အမျိုးအစားဖြစ်ပြီး လုပ်ငန်းတင်ဒါစနစ်ဖြင့် ဘီသုံးလုံးကုမ္ပဏီမှ တာဝန်ယူခင်းကျင်း ဆောင်ရွက်လျက်ရှိကြောင်း ဘီသုံးလုံးကုမ္ပဏီ မန်နေဂျာ ဦးဇော်လင်းလင်းက ပြောသည်။

 

အဆိုပါလမ်းသည် နွေရာသီ၊ ဆောင်းရာသီများတွင် ချိုင့်ခွက်များ များပြားပြီး မိုးတွင်းကာလတွင် ရေဝပ်ခြင်းများကြောင့် ဆိုင်ကယ်များ၊ ကားများနှင့် လမ်းသွား/လမ်းလာများ အခက်အခဲများ ကြုံတွေ့ရသဖြင့် မိုးမကျမီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ လမ်းခင်းကျင်းဆောင်ရွက်နေမှုအား သတ်စံချိန်စံညွှန်များနှင့်အညီ အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးနိုင်ရေးတို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးနွဲ့အောင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

မောင်မောင်(မင်းဘူး)