ကျောက်ပန်းတောင်း ၁၈ မေ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတိုက်နယ်ဆေးရုံတွင် သုံးမြွှာပူးမွေးဖွားသည့် သနပ်ပင်ကျေးရွာမှ ကလေးမိခင်အား မေ ၁၈ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ သွားရောက်အားပေးကြည့်ရှုပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတိုက်နယ်ဆေးရုံတွင် သနပ်ပင်ကျေးရွာမှ တောင်သူ ဦးမြင့်သိန်း၏ ဇနီးဖြစ်သူ ဒေါ်ပိုမှ မေ ၁၈ ရက် နံနက် ၂ နာရီက မိန်းကလေးသုံးဦးကို အချိန်နာရီခြား၍ အောင်မြင်စွာမွေးဖွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကလေးမွေးဖွားရန်အတွက် သနပ်ပင်ကျေးရွာမှ ဈေးကားဖြင့် မေ ၁၈ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင်  ရွာမှထွက်ခွာလာခဲ့ကြပြီး ရွာမှ တိုက်နယ်ဆေးရုံသို့ မရောက်မီ နံနက် ၂ နာရီတွင် ပထမဆုံးကလေးကို အဆိုပါယာဉ်ပေါ်တွင်ပင် မွေးဖွားခဲ့ကြောင်း၊ တိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး နံနက် ၄ နာရီခွဲတွင် ဒုတိယကလေးကိုလည်းကောင်း၊ နံနက် ၄ နာရီ မိနစ် ၄၀ တွင် တတိယကလေးကိုလည်းကောင်း ခွဲစိတ်စရာမလိုဘဲ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သုံးမွှာပူးကလေးမွေးဖွားသည့် ကလေးမိခင်ဒေါ်ပိုမှာ ယခင်က ကလေးသုံးဦးရှိကြောင်းနှင့် ယခုမွေးဖွားသည့် ကိုယ်ဝန်မှ (၄)ကြိမ်မြောက် ကိုယ်ဝန်ဖြစ်ကြောင်း သိရသည်။ “ကလေးတွေရော မိခင်ပါ ကျန်းမာပါတယ်။ ဒါပေမဲ့ ကလေးတွေက ကိုယ်အလေးချိန် နည်းနေတော့ ပိုပြီးစိတ်ချရအောင်ဆိုပြီး ကလေးအထူးကုရှိတဲ့ ညောင်ဦးဆေးရုံကို နေ့ခင်း ၁ နာရီမှာ လွှဲပို့ပေးထားပါတယ်။ ပထမဆုံးကလေးက (1.7Kg)နဲ့ ဒုတိယကလေးက (1.6Kg)၊ တတိယကလေးက (1.2Kg)ပဲရှိတော့ ပိုပြီးစိတ်ချရအောင်လို့ ညောင်ဦးဆေးရုံကြီးကို လွှဲပေးလိုက်တာပါ” ဟု ပုပ္ပားတိုက်နယ်ဆေးရုံမှ တာဝန်ခံ ဒေါက်တာစိုးပြည့်စုံက ပြောသည်။

 

အဆိုပါ သုံးမွှာပူးကလေးမိခင်ဒေါ်ပိုကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်တင်ထွေးရီနှင့် အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ငွေကျပ် ၃၀၀၀၀ နှင့် အမျိုးသမီးရေးရာအဖွဲ့မှ ငွေကျပ် ၂၀၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပြီး မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန တာဝန်ရှိသူများကလည်း ယနေ့နံနက် ၈ နာရီက ငွေကျပ် ၅၀၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)