နေပြည်တော် ၁၈ မေ
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံး၏ လုပ်ငန်းများ ဆောင်ရွက်တိုးတက်မှုနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conference ဖြင့် ဆောင်ရွက်သည်။
ဆွေးနွေးပွဲတွင် ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူးရုံး အဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှု ပထမအကြိမ်အစီရင်ခံစာကို တင်ပြပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပြည်သူများက လုပ်အား၊ ငွေအားနှင့် ပစ္စည်းများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့်လည်း ပြည်သူများထဲက ပြည်သူများဖြစ်သော စေတနာ့ဝန်ထမ်းများ၊ ပရဟိတသမားများ၏ လုပ်အားဖြင့် ပံ့ပိုးကူညီမှုများတွင် လိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းကူညီခြင်း၊ ကျေးဇူးတင် အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းများ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာကန့်သတ်ခြင်း (Quarantine) နေရာများတွင်ရှိသည့် စေတနာ့ ဝန်ထမ်းများ၊ ပြည်သူများအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသော ပရဟိတသမားများစာရင်းကို မကျန်ရှိစေရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့က မြို့နယ်အလိုက် စိစစ်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ စေတနာ့ဝန်ထမ်းများအား စနစ်တကျ ပိုမိုပံ့ပိုးကူညီပေးနိုင်မည် ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းသင်တန်း လက်စွဲစာအုပ်ကို ဖြန့်ဝေခဲ့ပြီး သင်တန်းပေးမည့် ဆရာများကို Training of Trainer (TOT) သင်တန်းများပေးလျက်ရှိသည့် အခြေအနေများ၊ သင်တန်းရရှိပြီးသည့် ဆရာများက စေတနာ့ဝန်ထမ်းများအား ပြန်လည်သင်ကြားပေးလျက်ရှိသည့် အခြေအနေများတွင် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း။
စေတနာ့ဝန်ထမ်းများအတွက် တစ်ကိုယ်ရည် အကာအကွယ်ပစ္စည်းများ၊ နားနေနိုင်မည့် နေရာများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စက်သုံးဆီပံ့ပိုးနိုင်ရေးကိစ္စများ စီစဉ်ထားမှုနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက စေတနာ့ဝန်ထမ်းများအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စက်သုံးဆီပံ့ပိုးနိုင်ရေး ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက် ဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီး/ပြည်နယ်များက ပေးပို့လာသည့် စေတနာ့ဝန်ထမ်းများ စာရင်းနှင့် အွန်လိုင်းမှ စာရင်းပေးသွင်းလာသည့် စေတနာဝန်ထမ်းများစာရင်းကို စိစစ်ပြီးစီးမှု အခြေအနေများ၊ မြို့နယ်အလိုက် ပြန်လည်စိစစ်နိုင်ရေးအတွက် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းဆင့်ပွား သင်တန်းများအတွက် လက်စွဲစာအုပ် ပုံနှိပ်ထုတ်ဝေရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လက်စွဲစာအုပ်များကို လက်ရှိသင်တန်းပေးနေသည့် မြို့နယ်များအရောက် ဖြန့်ဝေပေးနေသည့် အခြေအနေများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများအတွက် Training of Trainer (TOT) သင်ကြားမှု Video Clip ရိုက်ကူးပြီး Youtube မှတစ်ဆင့် အချိန်မရွေး လေ့လာနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သင်တန်းဆရာလက်စွဲ (Trainer Mannual) ရေးဆွဲလျက်ရှိသည့် အခြေအနေများနှင့် ဆင့်ပွားသင်တန်းများ အမြန်ဆုံးပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ မြေပြင်ဝန်ထမ်းများအနေဖြင့် မူလတာဝန်များ မလစ်ဟင်းစေဘဲ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်နိုင်ရေး လုပ်ငန်းများတွင် လိုအပ်သလို ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


