နေပြည်တော် ၁၈ မေ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် တရုတ်နိုင်ငံသား ခရီးသွားကုမ္ပဏီများကို ဝန်ဆောင်မှုပေးနေသော ခရီးလှည့်လည်ရေး ကုမ္ပဏီများအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်နှင့် မန္တလေးရှိ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသော ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များက Video Conferencing တွင် Online မှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် ကိုဗစ်-၁၉ အလွန်ကာလ မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှုအတိုင်း အရည်အတွက် (Quantity) ထက် အရည်အချင်း (Quality) ကို ဦးစားပေးသည့် Quality rather than Quantity ကို မည်သို့ဖော်ဆောင်မည်ကို တိုင်ပင်ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြေလျှော့ခွင့်ပြုပေးခဲ့ရာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဧည့်သည်များ ပိုမိုဝင်ရောက်လာကာ ၂၀၁၉ ခုနှစ်တွင် သိသိသာသာ တိုးတက်လာရောက်လည်ပတ်ခဲ့ပြီး တစ်နှစ်တာအတွင်း လာရောက်သော ခရီးသွား (၇၄၉၇၁၉) ဦးရှိခဲ့ပါကြောင်း၊ တိုးတက်လာရောက်နေသည့် တရုတ်နိုင်ငံသားခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် တရုတ်စကားပြော ဧည့်လမ်းညွှန်အရေအတွက် မလုံလောက်သည့်အတွက် အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်များကို အသုံးပြုနေရသည်များရှိသည့်အတွက် တရုတ် စကားတစ်မျိုးတည်းသာ နားလည်သည့် ခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ် လိုက်နာရမည့် Do & Don’ts အသိပေးမှု လမ်းညွှန်မှုများ အားနည်းခဲ့သည်ဟု သိရပါကြောင်း၊ အကျိုးဆက်အဖြစ် Tourism Destination များကို သွားရောက်လည်ပတ်သည့် တရုတ်ခရီးသွားများ၏ အပြုအမူအချို့ကို ဒေသခံများက နားလည်မှုလွဲနေသည့် ဖြစ်စဉ်တော်တော်များများ Social Media တွင် တွေ့ရှိရပြီး ဖေဖော်ဝါရီ ၅ ရက်တွင် တရုတ်နိုင်ငံသား ခရီးသွား (၂) ဦးကို ရှေးဟောင်းအဆောက်အဦး ကာကွယ်ထိန်းသိမ်း ရေးဥပဒေဖြင့် အပြစ်ပေးအရေးယူသည့် ဖြစ်စဉ်ရှိခဲ့ပါကြောင်း၊ လက်ရှိ COVID-19 ကူးစက်ရောဂါကြောင့် Visa on Arrival, e-Visa အပါအဝင် leisure visa ထုတ်ပေးခြင်းကို ရပ်နားထားသဖြင့် တရုတ်ခရီးသွားဧည့်သည် လာရောက်မှု လုံးဝမရှိတော့သော်လည်း တရုတ်ပြည်နှင့် မြန်မာပြည်တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ထားနိုင်သော အချိန်တွင် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းခရီးစဉ်များ ပြန်လည်ပွင့်လင်းလာလိမ့်မည်ဟု ခန့်မှန်းပါကြောင်း။
ထိုသို့ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ယခင်က ကြုံတွေ့ခဲ့ရသည့် အဆင်မပြေမှုများကို ရှောင်ရှားပြီး အရည်အချင်းရှိသော ဝန်ဆောင်မှုမျိုး ပေးအပ်နိုင်ရန် အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အရည်အသွေးထိန်းချုပ်ရန်အတွက် F.I.T များကို ဦးစားမပေးဘဲ Package Tour များကို Prepaid စနစ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအာမခံများ ဝယ်ယူထားရှိရန်လိုအပ်သကဲ့သို့ ခရီးစဉ်တွင် တရုတ်စကားပြော ဧည့်လမ်းညွှန်များ အသုံးပြု ဝန်ဆောင်မှုပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခရီးသွားကုမ္ပဏီများအနေဖြင့် အခကြေးငွေယူ၍ ဝန်ဆောင်မှုပေးရာတွင် ပေးအပ်သည့်ဝန်ဆောင်မှုသည် အရည်အသွေးရှိရန်နှင့် အာခံချက်ရှိရန် လိုအပ်ကြောင်း၊ ယခင်က ဇီးရိုးဘတ်ဂျက်ဟု အခေါ်ခံခဲ့ရသည့် ခရီးသွားလုပ်ငန်းမျိုးမဟုတ်ဘဲ ပြည်တွင်းလုပ်ငန်းရှင်များကို အကျိုးရှိစေမည့် Quality Service ပေးနိုင်ရန် ပြင်ဆင်လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များကို ဝန်ကြီးဌာနက လိုအပ်သည့် နည်းပညာပိုင်း အကူအညီများ ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က နိုင်ငံတော်က ထုတ်ပြန်ထားသော COVID-19 Economic Relief Plan နှင့်အညီ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် COVID-19 Myanmar Tourism Strategic Roadmap ကို ဝန်ကြီးဌာနက ပြုစုရေးဆွဲနေကြောင်း၊ ခရီးသွားလုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရန် ကိုဗစ်-၁၉ ကာလအတွင်း သက်ဆိုင်ရာ လိုင်စင်ကြေးများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများမှ ပညာရှင်များနှင့် လုပ်သားများအတွက် ပံ့ပိုးကူညီမှုရရှိနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ Lockdown အလွန် ခရီးသွားပုံစံအသစ်တွင် Domestic Tourism ဖြင့် ပြန်လည်စတင်ပြီး ပြည်ပခရီးသွားများအား ပြန်လည်လက်ခံလာနိုင်သည်အထိ အဆင်သင့်ဖြစ်စေရန် COVID Safe Services များ ပေးအပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည့် ပြင်ဆင်မှုများကို ခရီးသွားလုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များက ၎င်းတို့၏ ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ကာလတွင် ကြုံတွေ့နေရသည့်အခြေအနေများနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ဆောင်ရွက်ရမည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


