ပြည်ကြီးတံခွန် ၁၈ မေ
ပြည်ကြီးတံခွန်မြို့နယ်တွင် “ဘီ” အဆင့် သတ်မှတ်ခဲ့သော စက်ရုံ/အလုပ်ရုံများအား “အေ” အဆင့် သတ်မှတ်နိုင်ရေး ပြင်ဆင်ပြီးစီးမှုတင်ပြလာသည့် စက်ရုံ/အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် “ဘီ” အဆင့် သတ်မှတ်ခဲ့သော စက်ရုံ/ အလုပ်ရုံများအနက် ပြင်ဆင်ပြီးစီးမှု တင်ပြလာသည့် စက်ရုံ/အလုပ်ရုံ(၁၁)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် မေ ၁၅ ရက်အထိ ပြည်လည်လည်ပတ်ရန် တင်ပြလာသော စက်ရုံ/ အလုပ်ရုံပေါင်း (၃၄၄)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ရာ “အေ” အဆင့် သတ်မှတ်ခဲ့သော စက်ရုံ/ အလုပ်ရုံ (၁၉၇)ရုံရှိပြီး ကျန်စက်ရုံများမှာ “ဘီ” အဆင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။
စက်ရုံ/အလုပ်ရုံများအား စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော အချက်(၁၀)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ပြီး အားလုံးပြည့်စုံတယ်ဆိုရင် ကိုးမှတ် “အေ” အဆင့် သတ်မှတ်ကာ လည်ပတ်ခွင့်ရရှိကြောင်း၊ တစ်မှတ်ကနေ ရှစ်မှတ်အထိဆိုရင် “ဘီ” အဆင့် သတ်မှတ်ကြောင်း၊ အဆင့် “စီ” ကတော့ အစအဆုံး ဆောင်ရွက်ရမည့် စက်ရုံ/အလုပ်ရုံများ ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။
သန်းဇော်မင်း(ပြန်/ဆက်)


