နေပြည်တော် ၁၈ မေ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် တစ်နိုင်ငံလုံးတွင် ဧပြီလမှစ၍ ယာယီရပ်ဆိုင်းထားခဲ့သော ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ပြန်လည်စတင် ဆောင်ရွက်လျက်ရှိသည့် နေပြည်တော် ကလေးရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုသည်။

 

ထိုသို့ကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရန် လာရောက်သည့် မိဘ၊ အုပ်ထိန်းသူများ၊ ဆေးရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာနမှ ထိုးနှံ/တိုက်ကျွေးပေးနေသည့် (၁၂) မျိုးသော ရောဂါကာကွယ်ဆေးများကို အပြည့်အဝထိုးနှံ/ တိုက်ကျွေးခြင်းမရှိပါက ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုတို့မှာ ကိုဗစ်-၁၉ ရောဂါထက်ပင် များပြားမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းလုပ်ငန်းအပြင် ဆေးထိုးရန် စောင့်ဆိုင်းနေချိန်၌ မိခင်နှင့် ကလေးကျန်းမာရေး အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေစဉ် ကလေးများတွင် ဖြစ်ပွားတတ်သော ကျန်းမာရေး ပြဿနာများနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ရုပ်မြင်သံကြားစက်ဖြင့် ပြသထားစေလိုပါကြောင်း၊ ကလေး၊ ကိုယ်ဝန်ဆောင်နှင့် မိခင်တို့နှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာဆောင်များသာမက လက်ကိုင်ဖုန်းများ အသုံးပြု၍ QR Code များမှတစ်ဆင့် အင်တာနက်စာမျက်နှာသို့ ဝင်ရောက်ကာ မိမိ၏ ဖုန်းအတွင်း သိမ်းဆည်းဖတ်ရှုနိုင်ရန် ပါလုပ်ဆောင်ထားရှိပါကြောင်း၊ ကလေးများ၏ မိဘ၊ အုပ်ထိန်းသူများအနေဖြင့် ကလေးများ ကာကွယ်ဆေးများ အပြည့်အဝရရှိစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်အတိုင်း လာရောက်ထိုးနှံကြစေလိုပါကြောင်း၊ ထိုသို့လာရောက်ရာတွင် လူစုလူဝေးမဖြစ်စေဘဲ ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များကို အမြဲမပြတ် ဂရုစိုက်ကြစေလိုပါကြောင်း။

 

ယခုကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် လာရောက်သည့် မိဘ၊ အုပ်ထိန်းသူများသည် ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်လာသည်ကို တွေ့ရှိရသဖြင့် မိမိကိုယ်တိုင်အပြင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးသူများနှင့် အခြားသူများအတွက် အကျိုးရှိမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးရန် စာရင်းပေးသွင်းသည့် နေရာ၊ စောင့်ဆိုင်းသည့်နေရာနှင့် ကာကွယ်ဆေးထိုးခန်းတို့တွင် လူစုလူဝေးမဖြစ်စေဘဲ ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးရေးအတွက် ဆေးရုံမှ တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ထားရှိမှုများကို တွေ့ရှိရပါကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုသည်။

 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်၌ ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ဧပြီ(၁)ရက်မှစတင်၍ ယာယီရပ်ဆိုင်းခဲ့ရာမှ ယနေ့  မေ (၁၈) ရက်တွင် မြန်မာတစ်နိုင်လုံး၌ ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ပြန်လည်စတင်သည်။ ဇွန်(၁)ရက်မှစတင်၍ မြို့နယ်အဆင့်အောက် တိုက်နယ်/ မိခင်ကလေး/ ဒေသန္တရ/ မြို့မ/ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ ကျေးရွာများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဧပြီလနှင့် မေလတွင် ကာကွယ်ဆေးမထိုး ခဲ့ရသည့် ကလေးများကိုပါ ပြန်လည်ထိုးနှံ၊ တိုက်ကျွေးပေးမည်ဖြစ်ရာ ပုံမှန်ကာကွယ်ဆေးထိုးသည့် အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန် စတင်ထိုးနှံသည့်အချိန်တွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံများနှင့် မိခင်ကလေး/ ဒေသန္တရ/ မြို့မကျန်းမာရေးဌာနများတွင် ရက်သတ္တပတ်တစ်ပတ်လျှင် (၅)ရက်ဖြင့် ရက်သတ္တပတ် (၂)ပတ်ဆက်တိုက် ဆောင်ရွက်သွားမည် ဖြစ်သည်။ နောက်ပိုင်းတွင် ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး(၁)ရက်ဖြင့် ဆက်လက်ထိုးနှံ တိုက်ကျွေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် မိခင်နှင့် ကလေးကျန်းမာရေး အသိပညာပေးခြင်း၊ ကလေးအာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်