ရန်ကုန် ၁၈ မေ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ သောက်သုံးရေကန်များ ခန်းခြောက်ကာ ရေရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိရာ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေများကို နေ့စဉ် ဖြန့်ဝေပေးလျက်ရှိပြီး ယခုနှစ် နွေရာသီကာလ၌ အပူရှိန်မြင့်မားမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများ အပါအဝင် ရေကန်ပေါင်း (၃၂၉)ကန်ရှိသည့်အနက် သောက်သုံးရေကန်ပေါင်း ၂၅၀ နီးပါးခန့် စံချိန်တင် ရေခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက  သိရသည်။

 

ဒလမြို့နယ်မှာ သောက်သုံးရေကန်များ ခန်းခြောက်မှု အခြေအနေနဲ့ပတ်သက်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က “ရေကန်တွေက ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေကန်ပေါင်း ၃၀၀ ကျော်ရှိတယ်၊ ဒါပေးမယ့် ၂၅၀ နီးပါးလောက်က ရေခန်းခြောက်သွားတယ်၊ ဒါကလည်း အပူရှိန်မြင့်မားတာလည်းပါတယ်၊ မိုးရွာတာလည်း နောက်ကျတယ်၊ လူဦးရေလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုများလာတယ်၊ ရေလိုအပ်ချက်ပမာဏကလည်း ပိုများလာတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် ဒလမြို့ပေါ်ရှိ ရပ်ကွက်(၂၄)ရပ်ကွက်အတွက် ရေပိုက်လိုင်းစနစ်ဖြင့် စည်ပင်ရေသန့်ဌာန အနေဖြင့် ရေပေးဝေနိုင်မှု အတိုင်းအတာမှာ ၂၄ ရာခိုင်းနှုန်းသာ ပေးဝေနိုင်ပြီး  ၇၅ ရာခိုင်နှုန်းကို ပေးဝေနိုင်မှုမရှိကြောင်း၊  သောက်သုံးရေကန်များကိုသာ အဓိက အားထားသုံးစွဲနေရသည့်အတွက် ဧပြီအကုန် မေလဆန်းမှစပြီး ရေလိုအပ်ချက်များလာမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ဒလမြို့နယ် ရေပေးဝေရေးရုံးမှ သောက်သုံးရေများကို စည်ပင်ဌာနပိုင် ရေသယ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊  ပရဟိတအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့၊ တပ်မတော် ရေတပ်တို့မှ သောက်သုံးရေများကို ဖြန့်ကျက်ပေးဝေလျက်ရှိကြောင်း သိရသည်။

 

“ဒလမြို့ ရေရှားပါမှုအခက်အခဲကို UN အဖွဲ့အစည်းကနေပြီး ရေရှားပါးတဲ့ မှော်စက်ရပ်ကွက်မှာ ရေသန့်စက်ကို လာပြီးတည်ဆောက်ပေးထားတာ ရှိပါတယ်၊  တစ်ရက်ကို  ၂၀ လီတာဘူး ၅၀၀နဲ့ ၆၀၀ ကြား ထုတ်ပေးနိုင်ပါတယ်၊ ဒါကတော့ ရပ်ကွက်တစ်ခုအတွက် တစ်ဖက်တစ်လမ်းကနေ ရေရှားပါးမှုကို ဖြေလျော့ပံ့ပိုးပေးနေတဲ့ အနေအထား ဖြစ်ပါတယ်၊ ဒလမြို့နယ် ၂၄ ရပ်ကွက်ရဲ့ ရေလိုအပ်ချက် ကျန်နေတဲ့ ၇၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးဖို့အတွက် ဂျပန်နိုင်ငံအစိုးရအကူအညီနဲ့ YCDC ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းပြီးတော့  တွံတေးမြို့နယ်အပိုင်း ဘုရားကြီးစုကျေးရွာနားက မြေ(၁၈)ဧကကျော်ကို ဝယ်ယူပြီး တွံတေးတူးမြောင်းက ရေကို သန့်စင်ပြီးတော့မှ ဒလမြို့နယ်(၂၄)ရပ်ကွက်ရဲ့ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေပြီးဖြစ်ပါတယ်၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားကြီး တည်ဆောက်ပြီးစီးမယ့်အချိန် ခန့်မှန်းခြေအနေနဲ့လာမယ့် ၂၀၂၂ ဇူလိုင်လမှာ ရပ်ကွက်(၂၄) ရပ်ကွက်ရဲ့ ကျန်နေတဲ့ ၇၅ ရာခိုင်နှုန်းကို  သောက်သုံးရေဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု  ၎င်းက ဆက်လက်၍ ပြောပြသည်။

 

အဆိုပါ ရေသန့်စင်စက်ရုံကို တွံတေးတူးမြောင်း ရေမိုင်(၅.၅)မိုင် တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာအုပ်စု၊ ဘုရားကြီးစုကျေးရွာအနီးရှိ တူးမြောင်းဘေးတွင် တည်ဆောက်လျက်ရှိပြီး ရေသန့်စင်မှုအတွက် Raw Water ကို တွံတေးတူးမြောင်းမှ ရယူသွားမည်ဖြစ်သည်။ ရေသန့်စင်စက်ရုံ၏ ထုတ်လုပ်နိုင်မှုစွမ်းအားအနေဖြင့် ဒလမြို့နယ် ရေပေးဝေရေးစနစ်သို့ သောက်သုံးရေ (၃.၃)သန်း ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး ယခုအခါ ရေပိုက်လိုင်း ဆက်သွယ်ခြင်းနှင့် မြေအောက်သွင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ဒလမြို့နယ် ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရေပေးဝေရေးရုံး အနေဖြင့် ဧပြီ ၁ ရက်မှ စတင်ပြီး မေ ၅ ရက်အထိ သောက်သုံးရေရှားပါးသော ရပ်ကွက်များနှင့် ကျေးရွာများသို့ ရေဂါလန်စုစုပေါင်း (၅၄၇၂၀၀)၊ မေ ၆ ရက်မှ ၁၇ ရက်အထိ ရေဂါလန် စုစုပေါင်း (၇၆၄၄၀၀) စုစုပေါင်း ရေဂါလန် (၁၃၁၁၆၀၀) ကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း တာဝန်ခံအင်ဂျင်နီယာ  ဦးတိုးတိုးအောင်ထံမှ သိရှိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)