၁၉  မေ

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မေလ ၁၇ ရက်နေ့က သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ အားယူနေသည်။ မေလ ၁၈ ရက်နေ့ နံနက်တွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းဖြစ်လာပြီး မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားခဲ့သည်။

လက်ရှိအခြေအနေတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည်မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာရွေ့လျားနိုင်သည်ဟု ဆိုသော်လည်း မေလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား လာမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မေလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားရာ အချို့ဒေသများတွင် မိုးရွာသွန်းနေပြီဟု သိရသည်။

မြန်မာနိုင်ငံမှ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနက လတ်တလောလေ့လာဆန်းစစ်တွေ့ရှိချက်များအရ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည်မေလ၁၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ရောက်ရှိလာကာ အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် တိုက်ခတ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်း ဦးတည်ရာမှာ မေလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အကြားမှ ကုန်းတွင်းသို့ဝင်ရောက်နိုင်သော အလားအလာများရှိသည်ဟု ခန့်မှန်းထားသည်။

လက်ရှိတွင် မုန်တိုင်းလမ်းကြောင်းခန့်မှန်းချက်အရ မြန်မာနိုင်ငံဘက်သို့ ရောက်ရှိလာနိုင်ခြင်းမရှိသော်လည်း ခန့်မှန်းရမလွယ်ကူသော သဘာဝ ဘေးကို လျှော့မတွက်ထားဘဲ သတိပြုဖို့လိုသည်။ အကယ်၍ မုန်တိုင်းလမ်းကြောင်းပြောင်းလျှင် မည်သို့လုပ်ကိုင်ဆောင်ရွက်ကြရမည်ကို အသင့်ပြင်ဆင်ထားရမည် ဖြစ်သည်။ လက်ရှိတွင် ဒေသအချို့၌ မိုးရွာနေသည်မှာ မုန်တိုင်းအရှိန်ကြောင့်ဖြစ်ပြီး မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းနှင့် မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းဒေသများ အနီးသို့ မုန်တိုင်းအဖျား ခတ်လာစရာအကြောင်းရှိသည်။ လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၅၀ မှ ၆၀ အထိရှိနိုင်သဖြင့် ထိုဒေသများတွင် သတိပြု ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ဖူးသည်။ ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အက္၍မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် အဆိုးရွားဆုံး နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂူလီမုန်တိုင်းဒဏ်တို့ခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိ မုန်တိုင်းတိုက်ခတ်ခဲ့ကာ လူအသေအပျောက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံသည် နှစ်စဉ်နှစ်တိုင်း မုန်တိုင်းဒဏ်တို့ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ဝင်ရောက်သည့် မိုရာမုန်တိုင်းတိုက်ခတ်ခဲ့ပြီး ဧရာဝတီ၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဖန်နီမုန်တိုင်းတိုက်ခတ်ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံသည် မုန်တိုင်းဒဏ်ကို နှစ်စဉ်အနည်းအများ ကြုံတွေ့ခံစားရပြီး ယခုတိုက်ခတ်နေသည့် အမ်ဖန်မုန်တိုင်းကိုလည်း မပေါ့မဆဘဲ သတိပြုရမည် ဖြစ်သည်။

လက်ရှိခန့်မှန်းချက်များအရ မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းအန္တရာယ်များနှင့် ကမ်းရိုးတန်းဒေသ အချို့တွင် မုန်တိုင်းအရှိန်ကြောင့် မုန်တိုင်းဒီရေတက်ခြင်းတို့ကို ကြုံတွေ့နိုင်သည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသောအချက်များကို စဉ်ဆက်မပြတ် ဂရုပြုနားထောင်ထားရမည် ဖြစ်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို ဆောင်ရွက်နေသောအချိန်တွင် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။ ။

ကြေးမုံ