ပွင့်ဖြူ ၁၉ မေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား မိုးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မေ ၁၅ ရက်မှ စတင်၍ ၂၀၂၀ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး ပေးနေပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့်ကျေးရွာအုပ်စု ၅၁ အုပ်စု ရှိပြီး ချေးငွေ ထုတ်ချေးပေးရန် လျာထားတောင်သူဦးရေ ၁၂၀၀၀ ရှိကြောင်းနှင့် ထုတ်ချေးမည့် လျာထားချေးငွေ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၇၈၀၀၀) ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ချေးငွေများ ထုတ်ချေးပေးရာတွင် စပါးသီးနှံစိုက်ပျိုးမှု အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲ နှင့် အခြားသီးနှံစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ယခုနှစ်တွင် စပါးသီးနှံစိုက်ပျိုးမှုဧက ၄၉၈၄၀ ဧက နှင့် အခြားသီးနှံ စိုက်ပျိုးမှုဧက ၃၂၄၀ ဧက ရှိကြောင်းလည်း သိရသည်။
ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက် မေ ၁၅ ရက်နေ့မှ စတင်ကာ တောင်သူများထံ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများ ထုတ်ချေးရာတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် ချေးငွေလာရောက်ထုတ်ချေးသည့် တောင်သူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်တွင် စနစ်တကျ လက်ဆေးခြင်းနှင့် လူစုလူဝေး မဖြစ်စေရေး အတွက် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေအကွာ ယာယီတည်းခိုနေထိုင်နိုင်ရေး ထိုင်ခုံများ စနစ်တကျ စီစဉ်ဆောင်ပေးထားကြောင်း သိရကာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၅ ရက်နေ့မှ စက်တင်ဘာလအတွင်း မြို့နယ်အတွင်းရှိ တောင်သူများအား အပြီးထုတ်ချေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ လက်ထောက် ဘဏ်မန်နေဂျာ ဦးစန်းသော် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


