ဒီးမော့ဆို ၁၉ မေ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ငွေတောင်ကျေးရွာရှိ ငွေတောင်စျေး၌ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ Mask တပ်ဆင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ငွေတောင်စျေးအတွင်းရှိ စျေးသူစျေးသားများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး စစ်ဆေးဆောင်ရွက်ပြီး Mask တပ်ဆင်ခြင်း မရှိသူများအား Mask နှစ်ခုလျှင် ငွေကျပ် (၁၀၀၀) ဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေကြောင်း သိရသည်။
ထို့အပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော "COVID-19 မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့" သတင်းစကား လက်ကမ်းစာစောင်များအား စျေးအတွင်းရှိ စျေးသူစျေးသားများနှင့် လမ်းသွားလမ်းလာ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


