ကော့မှူး ၁၉ မေ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ခရိုက္ခနိကျေးရွာ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ လျော့နည်း စေရန်၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် ရည်ရွယ်၍ အတိုးငွေပြား ၅၀နှုန်းဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ များကို ယမန်နေ့က အိမ်တိုင်ရာရောက် လိုက်လံ၍ ထုတ်ချေးပေးအပ်ခဲ့ကြောင်း ကော့မှူးမြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများကို အိမ်တိုင်ရာရောက်လိုက်လံ၍ ထုတ်ချေးပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျရှိစေရေးအတွက် ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ နှင့်တာဝန်ကျ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်၍ ကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များမှ အသင်းဝင်များ လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ခရိုက္ခနိ ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သတ္တမနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၈ဦးအား ချေးငွေကျပ် ၃၉ သိန်း ၅သောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၈၉ ဦးအား ချေးငွေကျပ် ၄၄၃ သိန်း ၇ သောင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၂ ဦးအား ၁၂ သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ ၁၇ ဦးအား ၃၅ သိန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်သူ ၉ ဦးအား ချေးငွေကျပ် ၂၁ သိန်း ကို ထုတ်ချေးပေးခဲ့ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ ကပြောပြ၍ သိရသည်။
ငြိမ်းသူ


