ဝန်းသို ၁၉ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် အချိန်ကြန့်ကြာမှုမရှိစေရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများက တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့မှ စတင်၍ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါကာလဖြစ်တဲ့အတွက် ကျွန်မတို့ရုံးမှာက နေရာအခက်အခဲဖြစ်တာကြောင့် ဦးအောင်မြတ် ခန်းမမှာ စီစဉ်ပြီးတော့ တစ်ဦးနှင့်တစ်ဉီးကို ၆ပေအကွာ ထိုင်ခုံများချထားပြီး လက်ဆေးရန်နေရာ၊ လက်မှတ်ထိုးရန်နေရာ၊ လက်ဗွေနှိပ်ရန်နေရာ၊ ချေးငွေထုတ်ရန်နေရာတို့ကို စနစ်တကျစီစဉ်ပြီး ချေးငွေထုတ်ပေးပါတယ်၊ နောက်ပြီး ၂၀၁၉ မိုးစပါးချေးငွေပေးဆပ်တဲ့ တောင်သူ တွေကိုလည်း ကျွန်မတို့ဘဏ်မှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် စနစ်တကျထားရှိပြီး ချေးငွေများကိုလက်ခံလျက်ရှိပါတယ်” ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်မာမာလွင်က ပြောသည်။
အဆိုပါ ချေးငွေများထုတ်ချေးပေးရာတွင် ကျောက်ပေါက်ခုန်ကျေးရွာအုပ်စုမှ တောင်သူ ၆၇ဦးအား လယ်ဧက ၄၅၀ အတွက် ငွေကျပ် ၆၇၅ သိန်းကို ထုတ်ချေးပေးခဲ့ပြီး ၂၀၂၀ခုနှစ်အတွက် ဝန်းသိုမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ တောင်သူဦးရေ ၅၅၆၈ ဦး၊ လယ်ဧက ၂၈၇၈၆ အတွက် တစ်ဧက ၁၅၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၄၃၃၅ သိန်းကိုထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


