နေပြည်တော် ၁၉ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများတွင် အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်စေရန် သီးနှံ ၁၆ မျိုးကို စိုက်ပျိုးရေးဦးစီးဌာန မှဖြန့်ဝေပေးလျက်ရှိရာ မေ ၁၉ ရက်တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု နှစ်အုပ်စုမှ တောင်သူများထံသို့ သီးနှံမျိုးစေ့ ၁၆ မျိုး အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အိမ်ခြံဝန်းဉယျာဉ်ခြံ စိုက်ပျိုးရေး စီမံကိန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကာလအတွင်း ပြည်သူများ အိမ်ပြင်မထွက်ဘဲ အိမ်တွင်နေထိုင်ရင်း စိုက်ပျိုးရေးလုပ်ကိုင်နိုင်စေ ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံချက်ချ၍ ဆောင်ရွက်ခြင်းဖြစ် သည်။ "ကိုဗစ်ကာလ အတွင်းမှာ တောင်သူတွေအနေဖြင့် မိမိတို့နေထိုင်လျက်ရှိသော အိမ်ခြံဝင်းများရှိ မြေပိုများတွင် ဟင်းသီးဟင်းရွက် တစ်ပိုင် တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိမိကိုယ်တိုင် အပင်များကိုပြုစုပျိုးထောင်ကာ စိတ်ကျေနပ်မှု ရရှိစေရန်၊ အလိုရှိသလောက် ချက်ချင်း ခူးဆွတ်စားသုံးနိုင်စေရန်၊ ပိုလျှံသည့်သီးနှံများကို နီးစပ်ရာဆွေမျိုးများအား ပြန်လည်ဝေငှ ပေးနိုင်ရန်၊ ဈေးကွက်တွင်ရောင်းနိုင်ရန်၊ အာဟာရပြည့်ဝပြီး လတ်ဆတ်တဲ့ သီးနှံများ ကို စိုက်ပျိုးစားသောက်နိုင်စေရန်စတဲ့ အခွင့်အလမ်းတွေရရှိစေရန် ရည်ရွယ်ပြီးတော့ ရုံးပတီ၊ တိုင်ထောင်ပဲ၊ သခွားသီး၊ ပဲလင်းမြွေ၊ ကန်စွန်း၊ ချဉ်ပေါင်၊ ရွှေဖရုံ၊ ကြက်ဟင်းခါးသီး၊ ခရမ်းညို၊ ခရမ်းလုံးကြီး၊ ခရမ်းချဉ်၊ ငရုတ်၊ ပဲစောင်းလျား၊ ကျောက်ဖရုံ၊ ဘူးနဲ့ ဟင်းနုနွယ်မျိုးစေ့တွေကို ဇေယျာသီရိမြို့နယ် ကျွန်းရောင်းအုပ်စုမှ တောင်သူ ၁၆ ဦး၊ မအူတောအုပ်စုမှ တောင်သူ ၇ ဦးအတွက် ပေးအပ်တာဖြစ်တယ်" ဟု စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက ပြောသည်။
အိမ်ခြံဝန်းအတွင်း ဉယျာဉ်ခြံ စိုက်ပျိုးရန် ဟင်းသီး ဟင်းရွက်မျိုးစေ့များ ဖြန့်ဝေရာတွင် မျိုးစေ့များနှင့်အတူ စိုက်ပျိုးစနစ်၊ အပင်ပြုစုခြင်းနှင့် လိုအပ်သော စိုက်ပျိုးရေးနည်းပညာများ ကိုပါ ပြည်သူများအား ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိသည့်တောင်သူများထံသို့ မျိုးစေ့များ အခမဲ့ ပေးဝေနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း (ပြန်/ဆက်)


