မောက်မယ် ၁၉ မေ
ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုင်လွိုင်ကျေးရွာ အုပ်စုအတွင်းရှိ ပန်တောင်ကျေးရွာ၊ ထမ်လင်ကျေးရွာ နှင့် နမ့်ယွမ်း ကျေးရွာတို့တွင် ဆိုလာမီးလင်းရေး အတွက် ဆိုလာများကို ယမန်နေ့က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ဦးနှင့် တာဝန်ရှိ သူများက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာများတွင် နေရောင်ခြည်သုံး ဆိုလာမီးရရှိရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်မှ လွှတ်တော်တွင် တင်ပြတောင်းခံမှုရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ထောက်ပံ့ပေးသော ဆိုလာ(၆၆)ချပ်နှင့် ဆက်စပ်ပစ္စည်းများအား ကျေးရွာသုံးရွာရှိ ဒေသခံများပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ ဆိုလာမီး တပ်ဆင်အသုံးပြုပုံ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ သတိပြုရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန် အချက်များအား ပြည်သူများကို အသိပညာပေးပြီး လက်တွေ့ဆောင်ရွက် ပေးခဲ့သည့်အပြင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ကုသရေး မြို့နယ်အဆင့် ကော်မတီကလည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာနှင့် ရှမ်းဘာသာဖြင့် ရေးသားထားသော ဗီနိုင်းတို့ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)


