ဒီးမော့ဆို ၁၉ မေ
ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်တားဆီးရေး လုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား သတ်မှတ်နေရာများတွင် Community Based Facility Quarantine ဝင်ရောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ စီမံဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများ၌ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော Community Based Facility Quarantine များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ ပိုးသတ်ဆေးဖျန်း၍ ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါနေရာများအစား အခြားသင့်လျော်သည့် နေရာများသို့ ပြောင်းရွေ့ ဆောင်ရွက် နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မေ ၁၈ ရက်တွင် ဒီးမော့ဆိုမြို့နယ်အတွင်း Community Based Facility Quarantine ဖွင့်လှစ်ရန် လျာထားသောနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)သို့ ရောက်ရှိပြီး ကျောင်းအတွင်းရှိ ကျောင်းဆောင်များ၌ Community Based Facility Quarantine ဝင်ရောက်နိုင်မှု အခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒီးမော့ဆိုမြို့နယ် မိုးလုံလေလုံ အားကစားရုံအတွင်း၌ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ပေးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ရီရယ်(ဒီးမော့ဆို)


