ပုသိမ် ၁၉ မေ

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားဝင်ရေထွက်ပစ္စည်းရောင်းဝယ်ခွင့် လိုင်စင်ဆောင်ရွက်ခြင်းမပြုဘဲ၊ ငါးအရောင်းအဝယ်လုပ်ကိုင်နေပြီး၊ မျိုးသုဉ်းရှားပါးသတ္တဝါဖြစ်သော ရေငန်နေဧရာဝတီလင်းပိုင်များ ရောင်းဝယ်ခြင်း၊ လိုင်စင်မရှိဘဲ ပင်လယ်ထွက်ပစ္စည်းများကို စုဆောင်းရောင်းဝယ်ခြင်းများ မဖြစ်ပေါ် စေရေးအတွက် ဧရာဝတီလင်းပိုင်များအား ထိန်းသိမ်းကာကွယ်ရန် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင်လည်း ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး သတိပေးကြော်ငြာ၊ ပိုစတာများ စိုက်ထူထားကြောင်း သိရသည်။

 

ဧရာဝတီလင်းပိုင်သည် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများနှင့် ဧရာဝတီမြစ်အတွင်း နေထိုင် ကျက်စား၍ အလွန်ရှားပါးပြီး မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ကျရောက်နေသော ရေနေနို့တိုက် သတ္တဝါမျိုးစိတ်ဖြစ်သည်။

 

ထိုကြောင့် မျိုးသုဉ်းရှားပါး ရေနေနို့တိုက်သတ္တဝါများကို တစ်ကောင်လုံးသော်လည်းကောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသော်လည်းကောင်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရ ဖြစ်စေခြင်း၊ အနှောက်အယှက်ပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ထောက်ခံချက်မရှိဘဲ ပြည်ပသို့တင်ပို့ခြင်းများ မပြုလုပ်ကြရန်နှင့် မတော်တဆ အသက်ရှင်လျှက် ဖမ်းမိပါက အမြန်ဆုံးပြန်လွှတ်ပေးရန် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။ အဆိုပါ ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်ပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေ နှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ဆက်)