မင်းဘူး ၁၉ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ကိုဗစ်ကာလအတွင်း (Volunteer) စေတနာ့ ဝန်ထမ်းများအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းဖွင့်ပွဲနှင့် PPE ဝတ်စုံလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ Quarantine Center များတွင် ပါဝင်ဆောင်ရွက်မည့် (Volunteer) စေတနာ့ဝန်ထမ်းများလိုအပ်ပါကြောင်း၊ ပါဝင်ဆောင်ရွက်ကြမည့်သူများအတွက် လိုအပ်သော လုံခြုံရေး အကာအကွယ်ပစ္စည်းများနှင့် အထောက်အပံ့များ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်က အသိအမှတ် ပြုခြင်းများ ဆောင်ရွက်ပေးခြင်းအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းနှင့် တုံ့ပြန် ခြင်းဆိုင်ရာ အခြေခံအချက်အလက်များကိုသိရှိပြီး ထိရောက်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က (Volunteer) စေတနာ့ ဝန်ထမ်းများ စနစ်တကျဖွဲ့စည်းနိုင်ရေး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ သာမန်အချိန်တွင် စွမ်းရည်မြှင့်တင်မှု အစီအစဉ်များ စီမံဆောင်ရွက်နိုင်ရေးတို့အတွက် သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူ မှတ်သားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက (Volunteer) စေတနာ့ဝန်ထမ်းများ၏ ရှေ့ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး Coronavirus Disease (Covid-19) Training For Volunteers သင်တန်းကို ဒေါက်တာစုမြတ်နိုးက သုံးရက်တာ သင်တန်းကာလတွင် ဆွေးနွေးပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ မြို့နယ်စေတနာ့ဝန်ထမ်းကူညီပံ့ပိုးရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသိန်းဇော်ကံ ထံသို့ PPE ဝတ်စုံ ၁၀၀ ၊ နှာခေါင်းစည်း (Mask) အခု ၅၀၀ ၊ အပူချိန်တိုင်း ကိရိယာ ၇ ခု ၊ Hand Gel ၃ ဗူး၊ မျက်မှန် ၁ ခုတို့ကို ပေးအပ်လှူဒါန်းခဲ့ ကြသည်။
အဆိုပါ မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းဖွင့်ပွဲနှင့် PPE ဝတ်စုံလှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးကျော်စွမ်းရည်၊ ခရိုင်အုပ်ချုပ်အုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဉီးသိန်းဇော်ကံ၊ ဒုမြို့နယ်အုပ်ရေးမှူးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးအရာရှိနှင့် (Volunteer) စေတနာ့ဝန်ထမ်း ၆၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


