မိတ္ထီလာ ၁၉ မေ
မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာမည့် ဆရာဆရာမများကို အသွားအလာ ကန့်သတ်ထားရှိမည့် အဆောင်များအား ယနေ့နံနက်ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် မိတ္ထီလာကွန်ပျူတာတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာမည့် ဆရာဆရာများအား အသွားအလာ ကန့်သတ်ထားရှိသွားမည့် အဆောင်များနှင့် လမ်းများကို မိတ္ထီလာရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ ကလိုရင်းပိုးသတ်ဆေး ဖျန်းခြင်းကို ဆောင်ရွက်ခဲ့သည်။ မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာမည့် ဆရာဆရာမများတွင် ရန်ကုန်တိုင်းဒေသကြီး မှ (၆) ဦးနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ (၂၀)ဦးတို့အား အသွားအလာကန့်သတ်ထားရှိရန် အဆောင်လေးဆောင် စီစဉ်ဆောင်ရွက်ထားရှိသည်။ ၎င်းကန့်သတ်ထားရှိမည့် အဆောင်လေးဆောင်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာမည့် ဆရာဆရာမများကို တစ်ဦးလျှင် တစ်ခန်းနှုန်းဖြင့် အဆောင်နှစ်ဆောင် စီစဉ်ထားရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြန်လည် ဝင်ရောက်လာမည့် ဆရာဆရာများအတွက် အဆောင်နှစ်ဆောင် ဆောင်ရွက်ထားရှိသည်။
ယင်းအပြင် ပြန်လည်ဝင်ရောက်လာမည့် ဆရာဆရာမများ အသွားအလာ ကန့်သတ်ဆောင်များ မဝင်မီ ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမီမီခင်က ပြောကြားခဲ့သည်။
မီးသတ်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ပိုးသတ်ဆေးဖျန်းခြင်းကို မိတ္ထီလာရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့်အတူ မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်ရှိ အသွားအလာ ကန့်သတ်ထားမည့် အဆောင်များနှင့် လမ်းများကို ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ လေကြောင်းနှင့်အာကာသ တက္ကသိုလ်၊ လေကြောင်းအတတ်သင် သင်တန်းကျောင်းများရှိ လမ်းများကိုလည်း ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


