ကော့မှူး ၁၉ မေ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နှာခေါင်းစီး (Mask) အသုံးမပြုပဲ သွားလာပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့် အရေးပေါ်လုပ်ငန်း တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
“ ကော့မှူးမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ဖို့ အများပြည်သူတွေ ပါးစပ် နှာခေါင်းစီး (Mask) တွေ စနစ်တကျ အသုံးပြုကြဖို့ အခမဲ့ဖြန့်ဝေတာတွေ၊ အသိပညာပေးတာတွေ၊ ရပ်ကွက်/ ကျေးရွာ အရောက် ကြေညာချက်တွေ ထုတ်ပြန်အသိပေးတာတွေ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ပညာပေးကာလအပြီးမှ အရေးယူတဲ့ အပိုင်းတွေ ဆက်လက် ဆောင်ရွက်သွားမယ်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး မေ ၂၀ ရက်က စတင်ပြီး နေ့စဉ် ရှောင်တခင် စစ်ဆေးမယ်။ Mask အသုံးမပြုသူတွေကို စစ်ဆေးတွေ့ရှိပါက မြို့နယ်တရားရုံးမှာ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဥပဒေနှင့်အညီ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
မောင်အေးချမ်း (ပြန်/ဆက်)


