မကွေး ၁၉ မေ   

 

မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားပြောကြားခဲ့သည်။ တိုင်းဒေသကြီးအနေဖြင့် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ၏ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းကြောင်း တွေ့ရှိရပါသဖြင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား ကြရန် ထည့်သွင်း ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၊ ဒုတိယ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဦးတင်နွယ်ဦးက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC)၊ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ (၂) ၏ လမ်းညွှန် မှာကြားချက်များနှင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်မှုများအပေါ် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့သည်။

 

အစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်များအရ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အထိ ယာဉ်တိုက်မှု စုစုပေါင်း (၇၇၇) မှုတွင် သေဆုံးသူ (၁၈၄) ဦးရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ယာဉ်တိုက်မှု စုစုပေါင်း (၆၆၈) မှုတွင် သေဆုံးသူ (၁၈၃) ဦးရှိရာ ယာဉ်တိုက်မှုများ လျော့နည်း သွားသော်လည်း သေဆုံးသူဦးရေ တိုးမြင့်ကြောင်း သိရှိရသည်။  ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းများတွင် ယာဉ်မောင်းနှင်းသူ စည်းကမ်းပျက်မှု ၉၄ ရာခိုင်နှုန်း၊ လမ်းကူးပေါ့ဆမှု ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ယာဉ်ချို့ယွင်းမှု ၁ ဒသမ ၇၃ ရာခိုင်နှုန်း ၊ လမ်းချို့ယွင်းမှု ၀ ဒသမ ၀၇ ရာခိုင်နှုန်း တွေ့ရှိရသဖြင့် လူကြောင့်ဖြစ်သော ယာဉ်တိုက်မှုသည် ၉၈ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။ 

 

နိုင်သွေး