ပြည်ကြီးတံခွန် ၁၉ မေ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၅လမ်းနှင့် ၅၆ လမ်းကြား၊ အေးသုခလမ်းနှင့် အေးမေတ္တာလမ်းကြားတွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က နေအိမ်အမိုးပေါ်တွင် သံပန်းသံတံခါးများ ဝရိန်ဆော်ရာမှတစ်ဆင့် နေအိမ်အလုံး ၂၀ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ် ၂၅ စီးနှင့် ရေသယ်ယာဉ် ၁၀ စီး၊ သန္ဓေမီးသတ် ၆၀ ဦး၊ အရန်မီးသတ် ၁၀၀ ဦးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် နေအိမ်အလုံး (၂၀) မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းသော နေအိမ်ပိုင်ရှင် ကိုမျိုးအောင်နှင့် သံပန်းသံတံခါး ဝါယာရိန်းဆရာ ကိုသက်လင်းအောင်တို့အား ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်အလုံး (၂၀)မှ အိမ်ထောင်စု(၂၄) စုအား အဆိုပါရပ်ကွက် ဓမ္မာရုံတွင် ယာယီကယ်ဆယ် ရေးစခန်းဖွင့်လှစ်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော် တို့က အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀၀၀၀ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


