ဟိုင်းကြီးကျွန်း  ၁၉  မေ

 

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ၏ အရှိန်ကြောင့် ပင်လယ်ပြင်၌ ရာသီဥတုအခြေအနေ ဆိုးရွားနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းဒေသရှိ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် ကမ်းနီးကမ်းဝေး ငါးဖမ်း၊ ငါးသယ်ရေယာဉ် များအားလုံး ကမ်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

ဟိုင်းကြီးကျွန်းဒေသ၌ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသော ကမ်းဝေး ငါးဖမ်းရေယာဉ် ၈၆ စီးရှိပြီး ကမ်းနီး ငါးဖမ်းရေယာဉ် ၁၄၈ စီးရှိရာ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏ အရှိန်ကြောင့် ပင်လယ်ပြင်၌ ရာသီဥတု အခြေအနေ ဆိုးရွားနေသည့်အတွက် ဘေးလွတ်ရာဆိပ်ကမ်းများသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ နှိုးဆော်ချက်များ ထုတ်ပြန်ပေးနေကြောင်း သိရသည်။

 

“မုန်တိုင်းအခြေအနေ ထူးခြားချက် တစ်စုံတစ်ရာ ပေါ်ပေါက်လာတိုင်း ငါးဖမ်းရေယာဉ်တွေကို မပြတ်နှိုးဆော်မှုတွေ လုပ်ဆောင်ပေးနေပါတယ်၊ မုန်တိုင်းဖြစ်ပေါ်လာပြီးတဲ့ နေ့ကစလို့ ဟိုင်းကြီးကျွန်းမြို့ကို တစ်စီးပြီးတစ်စီး ပြန်လည် ဝင်ရောက်လာကြပါတယ်၊ အားလုံးစုံသလောက် ဖြစ်နေပါပြီ၊ ဒီမှာရှိတဲ့အစီးရေ အပြည့်အဝ ကမ်းကိုပြန်မရောက် သေးတာက တစ်ခြားနီးစပ်ရာ ဆိပ်ကမ်းတွေမှာ သွားရောက်ခိုလုံနေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ရေယာဉ်ပိုင်ရှင်တွေ အားလုံးနဲ့တော့ အဆက်အသွယ်ပြုလုပ်ထားပြီး ဖြစ်ပါတယ်” ဟု ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဟိုင်းကြီးကျွန်းဒေသတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်း မုန်တိုင်း အမ်ဖန်၏ အရှိန်ကြောင့် မေလ ၁၇ ရက် ညပိုင်းမှစ၍ လေပြင်းများ တိုက်ခတ်ခြင်းအပြင် ရံဖန်ရံခါ မိုးရွာသွန်းမှုများရှိကာ လက်ရှိရာသီဥတုအခြေအနေမှာ အုံ့မှိုင်းနေပြီး တစ်ခါတစ်ရံ လေပြင်းများတိုက်ခတ်လျက် ရှိကြောင်း သိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)