ရန်ကုန်  ၁၉  မေ

 

ကိုဗစ်-၁၉ ကြောင့် ဂေါ်ဖီထုတ်စျေးကွက်ပျောက်ကာ ဂေါ်ဖီထုတ်စိုက်ပျိုးသူများ၏ ဆုံးရှုံးမှုကို ကုစားရန် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ က ယနေ့တွင် ပြောသည်။

 

ကိုဗစ်-၁၉ ကြောင့် ပြီးခဲ့သည့် ဧပြီလဆန်းမှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားရှိ ဂေါ်ဖီထုတ်စိုက် တောင်သူများ စျေးကွက်ပျောက်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသဖြင့် တောင်သူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ညှိနှိုင်း၍ ရန်ကုန်သို့ ကုန်ကားဖြင့် ဂေါ်ဖီထုတ်များသယ်ယူကာ ပြည်သူများထံ အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

 

"တောင်သူတွေက မရောင်းရတော့ အခင်းထဲ ဒီအတိုင်းပစ်ထားတာ၊ ပစ်ထားတော့ အလကားဖြစ်ပြီး ပျက်စီးသွားမယ့်အတူတူ ဒီမှာလည်း ကိုဗစ်-၁၉ ကြောင့် အကြပ်အတည်း ဖြစ်နေကြတဲ့အချိန်ဆိုတော့ ကျွန်တော်တို့က တောင်သူတွေကိုညှိနှိုင်းပြီး  ဒီဘက်က ကားခစိုက်လိုက်လို့ရှိရင် အဆင်ပြေတယ်ဆိုပြီးတော့ ပြည်သူတွေလည်း ဟင်းတစ်ခွက်ပဲရရ အဲလိုမျိုး အဆင်ပြေအောင် လုပ်ပေးလိုက်တာပါ၊ အခုတော့ ကျွန်တော်တို့ စလှူလိုက်တာနဲ့ အချို့တွေက တောင်သူတွေ အမြဲတမ်းပေးနေရင် အဆင်ပြေမှာမဟုတ်ဘူး၊ တောင်သူတွေလည်း ဆုံးရှုံးမယ့်အတူတူ ထိုက်သင့်တဲ့ ပိုက်ဆံလေးပြန်ရအောင် လုပ်ပေးကြမယ်ဆိုပြီး ညှိလိုက်ကြတယ်၊ တောင်သူတွေကို ဂေါ်ဖီထုတ် တစ်ထုပ်ကို ကျပ် ၇၀ ဖြစ်ဖြစ်၊ ၁၀၀ ဖြစ်ဖြစ် အဲလောက်နဲ့ရအောင် ပိုက်ဆံပြန်ပေးဖို့ စီစဉ်နေပါတယ်"ဟု  ဦးကျော်သူ က ပြောသည်။

 

ပြီးခဲ့သည့် မေ ၁၈ ရက်က မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းက ဦးစီး၍ ကိုဗစ်-၁၉ ကြောင့် စျေးကွက်ပျောက်နေသည့် နောင်တရား တောင်သူများ၏ ဂေါ်ဖီထုတ်အလှူကို ပထမအသုတ်အနေဖြင့် သဃ်န်းကျွန်းမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့အား ၁၂ ဘီးကား တစ်စီး လှူဒါန်းခဲ့ကြောင်း၊ ဒုတိယအသုတ်အနေဖြင့် အရှေ့ဒဂုံနှင့် လှိုင်သာယာတို့ကို လှူရန်စီစဉ်နေကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းပြီးပါက ဂေါ်ဖီထုတ်စိုက်ပျိုးသူများ၏ ဆုံးရှုံးမှုကို ကုစားရန်  အရပ်ဘက် အဖွဲ့အစည်းများနှင့် အလှူရှင်များမှ ကုန်ကားခကျခံကာ ရန်ကုန်သို့သယ်ယူပြီး ပြည်သူများထံ ဖြန့်ဝေပေးကာ ပြည်သူများက ပြန်လည်ထည့်ဝင်သည့် ငွေများကို ဂေါ်ဖီထုတ်စိုက်ပျိုးသည့် တောင်သူများထံ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဦးကျော်သူ က ဆက်ပြောသည်။

 

ထို့ပြင်  မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ E-commerce platform Mobile App မှာလည်း မကြာခင် ထွက်ရှိလာမည်ဖြစ်ကာ ယင်း Mobile App ဖြင့် အွန်လိုင်းမှ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်သူစျေးကား (mobile farmers market) အစီအစဉ်ဖြင့်လည်း စားသုံးသူများ စျေးသက်သက်သာသာနှင့် ရရှိပြီး တောင်သူများလည်း ထိုက်သင့်သည့် ဝင်ငွေပြန်ရရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကြောင့် ဂေါ်ဖီထုတ်စျေးကွက် ပျောက်ကာ စိုက်ပျိုးသူများ၏ဆုံးရှုံးမှုကို ကုစားရန် အရပ်ဘက် အဖွဲ့အစည်းများအပြင် သက်ဆိုင်ရာဌာနများကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"လောလောဆယ် စီးပွားကူးသန်းကတော့ ကျွန်တော်တို့ကို အများကြီးကူညီနေပါတယ်၊ သူတို့ရဲ့ စက်ဆန်းမှာရှိတဲ့ ဂိုဒေါင်တွေ ကျွန်တော်တို့ပေးထားတယ်၊ ကျွန်တော်တို့ အဲဒီမှာဘဲ ပစ္စည်းတွေချ ပါကင်လုပ်ပေါ့၊ အဲလိုမျိုး လုပ်နေတယ်၊ ရန်ကုန်မြို့တော်ဝန်နဲ့လည်း ညှိဖို့လုပ်နေပါတယ်၊ စျေးကားလေးရဖို့ပေါ့နော်"ဟု ဦးကျော်သူ က ထပ်မံပြောကြားသည်။

 

ယခင်က အဆိုပါ ဂေါ်ဖီထုတ်များကို ရန်ကုန်စျေးကွက်ဖြစ်သည့် သီရိမင်္ဂလာစျေးသို့ တင်ပို့ရောင်းချသော်လည်း ကိုဗစ်-၁၉ ကြောင့် ဂေါ်ဖီထုတ်အဝယ်ရှိသည့် ဟိုတယ်၊ စားသောက်ဆိုင်နှင့် အလှူအတန်းပြုလုပ်သူများကို ပိတ်ထားသဖြင့် စျေးကွက်ပျက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်က ဂေါ်ဖီထုတ် တစ်ထုပ်လျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုနှစ်တွင် ၁၀၀ ကျပ်ပင် ဝယ်သူမရှိကြောင်း သိရသည်။

 

ထို့ပြင် စျေးကွက်မှာလည်း ရောင်းလိုအားများပြီး ဝယ်လိုအားနည်းသောကြောင့် ဂေါ်ဖီထုတ်စိုက်ပျိုးသည့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေသည်။

 

လက်ရှိ စာရင်းဇယားများအရ ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားရှိ ဂေါ်ဖီထုတ်စိုက်ဧက ၁၃၀၀ ခန့်ရှိကြောင်း၊ တစ်ဧကလျှင် ဂေါ်ဖီထုတ်ရေ တစ်သောင်းမှ တစ်သောင်းနှစ်ထောင် ကြားရှိကြောင်း၊ ယင်းစိုက်ဧကများအနက် ၃၅ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးသည့် လယ်ယာထဲတွင်ပင် ပျက်စီးခဲ့ရကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

 

Nyein Nyein