မေ ၁၉
မြန်မာနေရှင်နယ်လိဂ် ကလပ် ဟံသာဝတီအသင်းသည် လေ့ကျင့်မှု စတင်ပြုလုပ်နိုင်ရန်အတွက် ယခုလကုန်ပိုင်းတွင် ကစားသမားများ၏ ကြံ့ခိုင်မှုအား စတင်စစ်ဆေးသွားမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများသည် မတ် ၂၄ ရက်တွင် ပြိုင်ပွဲများ ရပ်နားကတည်းက လေ့ကျင့်မှု ရပ်နားခဲ့ခြင်းဖြစ်ရာ နှစ်လဝန်းကျင် ကြာမြင့်နေပြီဖြစ်သောကြောင့် လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး ဟံသာဝတီအသင်းသည် ပထမဆုံး ပြန်လည်လေ့ကျင့်ရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဟံသာဝတီအသင်းသည် လေ့ကျင့်မှုမပြုလုပ်မီ ကစားသမားများ၏ ကြံ့ခိုင်မှု အခြေအနေအား စစ်ဆေးခြင်းဖြစ်ပြီး ငါးဦးနှင့်အထက် လူစုလူဝေးပြုလုပ်ခွင့် မရှိသောကြောင့် တစ်ကြိမ်လျှင် လေးဦးသာ စစ်ဆေးမည်ဖြစ်သည်။ ကစားသမားများ၏ ကြံ့ခိုင်မှုများကို မေ ၂၆ ရက်မှစတင်ကာ စစ်ဆေးမည်ဖြစ်ပြီး စီနီယာအသင်းမှ ကစားသမားများကိုသာ စစ်ဆေးရန် စီစဉ်ထားကြောင်းသိရသည်။
ဟံသာဝတီအသင်းသည် သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိမှသာ အသင်းလိုက်လေ့ကျင့်မှုများ ပြန်လည် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “အသင်းအုပ်ချုပ်မှုအဖွဲ့နဲ့ နည်းပြအဖွဲ့ ဆွေးနွေးပြီး ကစားသမားတွေကို ပြန်လည်လေ့ကျင့်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ လေ့ကျင့်မှု မပြုလုပ်ခင်မှာ ကြံ့ခိုင်မှု စစ်ဆေးသွားမှာဖြစ်ပြီး ယခုလကုန်ပိုင်းမှာ စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ကြံ့ခိုင်မှု စစ်ဆေးရာမှာလည်း အသင်းလိုက် ပြုလုပ်မှာမဟုတ်ဘဲ သက်ဆိုင်ရာရဲ့ ညွှန်ကြားချက်ကို လိုက်နာတဲ့အနေနဲ့ တစ်ကြိမ်ကို လေးဦးပဲ စစ်ဆေးမှာဖြစ်ပါတယ်။ အသင်းလိုက် လေ့ကျင့်ဖို့ကတော့ သက်ဆိုင်ရာက ခွင့်ပြုချက်ရမှ ပြုလုပ်မှာဖြစ်ပါတယ်” ဟု ဟံသာဝတီအသင်း အုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားသည်။
ဟံသာဝတီအသင်းသည် ယခုရာသီတွင် ရလဒ်ကောင်းမွန်နေပြီး မတ် ၂၃ ရက် ပွဲစဉ်များအပြီးတွင် ၁၀ ပွဲကစား ၂၇ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ဟံသာဝတီအသင်းသည် ယခုရာသီတွင် ချန်ပီယံ မျှော်လင့်နိုင်သည့် အနေအထားရှိနေပြီး ရာသီဝက် အပြောင်းအရွှေ့ ကာလတွင်လည်း ကစားသမား ဖြည့်တင်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်