ပြင်ဦးလွင်   ၁၉  မေ     

 

ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကာလများတွင် ယာယီပိတ်ထားသည့်   ပြင်ဦးလွင် မြို့မဈေးကြီးအား  ယနေ့ နံနက် ၆ နာရီခွဲမှ  မွန်းလွဲ ၃ နာရီအထိ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ  လိုက်နာရန် ရောင်းသူ/ဝယ်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး စတင်ဖွင့်လှစ်ရောင်းချလျက် ရှိသည်။ 

 

အဆိုပါ ပြင်ဦးလွင်မြို့ စည်ပင်သာယာမြို့မဈေးကြီးကို ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကာလ များတွင်   (၆-၄-၂၀၂၀) ရက်မှ (၁၅-၅-၂၀၂၀) ရက်နေ့အထိ  ယာယီပိတ်ထားခဲ့ရာ   (၁၆- ၅-၂၀၂၀ ) ရက်မှ (၁၈-၅-၂၀၂၀) ရက်နေ့တွင်  မြို့မဈေးကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ သောက်ရေ၊ သုံးရေ ကောင်းမွန်စွာရရှိအောင် ဆောင်ရွက်ခြင်း၊ ဈေးဆိုင်ခန်းများ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ  ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်ခြင်းနှင့် ကျန်မာရေးအသိညာပေး ဘီနိုင်း၊ ပိုစတာများကို  ပြသဆောင်ရွက်လျက်ရှိသည်။ 

 

ယခုလို  ပြင်ဦးလွင်မြို့ရှိ  စည်ပင်သာယာမြို့မဈေးကြီးအား   ပြန်လည်ဖွင့်လှစ်ရောင်းချခြင်းကို ပြည်သူများအနေဖြင့်  ကျန်းမာရေး ညွှန်ကြားချက်များဖြစ်သည့်  လက်ဆေးခြင်း၊  နှစ်ခေါင်းစည်းတပ်ခြင်း၊    ဈေးဝယ်ရာတွင်  တစ်ဦးပြီးမှ  တစ်ဦး လိုအပ်သောပစ္စည်းများကို ဝယ်ယူသုံးစွဲပါက မိမိတို့မြို့နယ်အတွင်း၌ ကိုဗစ်-၁၉  ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 


  
ဇော်မျိုးထိုက် (ခရိုင် ပြန်/ဆက်)