မြစ်ကြီးနား ၁၉ မေ
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၇)ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာအုပ်စု၊ မိုင်းခတ်ကျေးရွာ၏ အရှေ့ဘက်ရှိ နမ့်ဆန်ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာမြေများ ပျက်စီးခြင်း၊ ရေမြောင်းကြီးများ ဖြစ်ပေါ်ခြင်းကြောင့် နမ့်ဆန်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ပေ (၅၀၀) ရှိ ရေထိန်းနံရံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေထည့်သွင်း လျာထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် မချမ်းဘောမြို့နယ် မန်နိုကျေးရွာအုပ်စု၊ နမ္မာကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်း (၂) မိုင်၊ ဂါလံ (၉၀၀၀) ဆံ့ ရေလှောင်ကန်နှင့် ရေတားတမံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက နမ္မာကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ကွင်းဆင်း စစ်ဆေးမှုအရ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း (၂)မိုင် (၄)ဖာလုံ၊ လူဦးရေအရ ဂါလံ (၅၀၀၀) ဆံ့ ရေစုကန်နှင့် ရေတားတမံ တည်ဆောက်ပေးရမှာဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ (၁၉.၁၄) သန်း ကုန်ကျမည်ဖြစ်ကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင်ရေး ထည့်သွင်းလျာထား တင်ပြသွားမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုပါ မေးခွန်းများအပါအဝင် မေးခွန်း(၅)ခုကို မေးမြန်းဖြေကြားခဲ့သည်။
ထို့နောက် အစည်းအဝေး ပထမနေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် (အောက်တို ဘာလမှ စက်တင်ဘာအထိ) အရအသုံးခန့်မှန်းခြေ ငွေစာရင်း”နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄) ဦးတို့က ဆွေးနွေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ “အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများနည်းဥပဒေ” ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် လွှတ်တော်ရေးရာ ကော်မတီများ၏ သက်တမ်း(၁) နှစ် ပြည့်ပြီးဖြစ်သဖြင့် ကော်မတီသက်တမ်း တိုးရန်နှင့် ပြင်ဆင်ဖွဲ့စည်းခြင်းအပေါ် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်သည်။
(ပြည်နယ် ပြန်/ဆက်)