ကျိုင်းတုံ   ၁၉  မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ခရီးသွားလာရာ၌ ရောဂါကူးစက်မှု မရှိစေရေးအတွက် ရည်ရွယ်၍ မော်တော်ယဉ်များ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အမှတ်(၁) ရပ်ကွက် ယန်းခမ်းယာဉ်ရပ်နားစခန်းတွင် ဆောင်ရွက်ခဲ့သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ အမှတ်(၁၁၈) ယာဉ်ထိန်းတပ်ဖွဲ့စု၊ ကျိုင်းတုံမြို့နယ် ပုဂ္ဂလိကယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီတို့က ပိုးသတ်ဆေး အခမဲ့ဖျန်းခြင်း ဆောင်ရွက်နေမှုများအား ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။ 

 

ကျိုင်းတုံမြို့၌ လတ်တလော ပြည်တွင်းပြေးဆွဲနေသော မော်တော်ယာဉ်လိုင်း (၁၉)လိုင်းရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း  ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက်  ယာဉ်မောင်းအပါအဝင် ခရီးသည်များအား နှာခေါင်းစည်းတပ်စေခြင်း၊ ခရီးသည်များ သတ်မှတ်အရေအတွက် အကွာအဝေးဖြင့် တင်ဆောင်စေခြင်း၊ ယာဉ်အဆင်းအတက်ပြုတိုင်း လက်ဆေးစေခြင်းနှင့် မော်တော်ယာဉ်များအနေဖြင့် ခရီးစဉ်တစ်ခေါက် ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖျန်းရန် စသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းရွှေအောင်(ခရိုင် ပြန်/ဆက်)