ချောင်းဦး ၂၀ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းကို မေ ၁၉ ရက် နံနက် ၈ နာရီက အနော်ရထာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားရာ ယခုသင်တန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ချောင်းဦးမြို့နယ်တွင် ပထမဆုံး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများအတွက် လိုအပ်သည့်ပစ္စည်း ကူညီထောက်ပံ့မှုများကိုလည်း မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကူညီထောက်ပံ့ပေးမှာဖြစ်သလို သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာ Quarantine Center များတွင် စေတနာ့ဝန်ထမ်းအဖြစ် ၂၁ ရက် တာဝန်ထမ်းဆောင်ပြီးပါက နိုင်ငံတော်မှ ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးမှာ ဖြစ်ကြောင်း ပြောသည်။
သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြန်မာနိုင်ငံဆရာဝန်များအသင်းမှ သင်တန်းဆင်း Training of Trainer ဒေါ်မြတ်သန္တာ ကပို့ချပြီး ချောင်းဦးမြို့နယ်အတွင်းရှိ Quarantine Center များတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော Volunteer ၂၈၁ ဦး တက်ရောက်ခြင်း ဖြစ်သည်။ သင်တန်းကာလမှာ မေလ ၁၉ ရက်မှ ၂၀ ရက်ထိ ၂ ရက်ဖွင့်လှစ်မှာ ဖြစ်ပြီး သင်တန်းသား ၂၈၁ ဦးအား အုပ်စု ၆ စုခွဲ၍ သင်တန်းချိန် ၆ ချိန်ဖြင့် တစ်ချိန်လျှင် ၂ နာရီ ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေး၊ မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အိအိအောင်(ချောင်းဦး)


