မကွေး ၂၀ မေ
လတ်တလောပိတ်ထားသော မြို့ပေါ်ဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု အခြေအနေများကို မေ ၂၃ ရက်နေ့၌ မကွေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်မှ သိရသည်။
ဝန်ကြီးချုပ် စစ်ဆေးမည်ဖြစ်၍ မကွေး မြို့မဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေး၊ မင်္ဂလာဈေး၊ ကန်သာဈေးများရှိ ဈေးမိဈေးဖ ဈေးကော်မတီဝင် ၂၅ ဦး နှင့် စည်ပင်တာဝန်ရှိသူများပေါင်းစပ်၍ ဈေးများကို ပြင်ဆင်ရှင်းလင်းနေပြီဖြစ်သည်။
"ဆင်းစစ်လို့ နေရာအခင်းအကျင်းတွေက Social Distancing ၆ ပေအကွာ ဖြစ်မယ်။ ဈေးသည်တွေအနေနဲ့ မြေပေါ်ကျူး၊ လေပေါ်ကျူး နေတာတွေကိုလည်း ရှင်းထားမယ်။ ဈေးလယ်ခေါင်လမ်းက ကျယ်ပြီးတော့ ဈေးဝယ်တွေ တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့သွားစရာမလိုတဲ့ အခြေအနေလည်း ရှိမယ်ဆိုရင် ဝန်ကြီးချုပ်အနေနဲ့ ပြန်ဖွင့်ဖို့ စဉ်းစား ပေးနိုင်တာပေါ့ '' ဟု မကွေးမြို့နယ် စည်ပင် ဒုတိယဦးစီးမှူး ဦးအောင်မျိုးသိန်းက ပြောသည်။
မေလ ၁၈ ရက်နေ့ ညနေပိုင်းက တိုင်းစည်ပင်ညွှန်မှူး ဦးထင်အောင်၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီ နှင့် စည်ပင်တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များ တွေ့ဆုံ၍ ဈေးများ ပြန်ဖွင့်နိုင်ရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြသည်။
ကပ်ရောဂါကာလ၌ မြို့ပေါ်ဈေးများကို လနှင့်ချီ၍ ပိတ်ထားချိန်အတွင်း ဈေးသည်၊ ဈေးဝယ်များ အဆင်ပြေစေရန် ယာယီဈေးနှစ်ခုကို လုပ်ဆောင်ပေးခဲသော်လည်း ဈေးသည်အားလုံး အဆင်ပြေနိုင်ရေးအတွက်မူ လိုအပ်ချက်များ ရှိနေဆဲဖြစ်သည် ဟု ဈေးရောင်းသူတစ်ဦး ထံမှ သိရသည်။
အားလုံး အဆင်ပြေစေရေးအတွက် ကပ်ရောဂါကာလ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်ပင်နှင့် ဈေးမိဈေးဖ ဈေးကော်မတီများက ပြင်ဆင်လုပ်ဆောင်လျက်ရှိပြီး စည်းကမ်းလိုက်နာခြင်းဖြင့်သာ လူမှုစီးပွားအခြေအနေများ ပုံမှန် ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း မကွေးစည်ပင်မှ သိရသည်။
ဇေယျတု(မကွေး)


