ငရုတ်ကောင်း ၂၀ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့၊ ဂေါ်ရန်ဂျီကျွန်းအနီး၊ နံ့သာပု(ချောင်းဝတောင်)သို့ တောဆင်ရိုင်း တစ်ကောင်ဝင်ရောက်နေကြောင်း ဒေသခံပြည်သူများက ငရုတ်ကောင်းတောင် အခြေစိုက် အမှတ်၂ တောဆင်ရိုင်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
၎င်းတောဆင်ရိုင်းသည်နံ့သာပု(ချောင်းဝတောင်)သို့ မေ ၁၈ ရက်ညပိုင်းက ဝင်ရောက်လာခြင်းဖြစ်ပြီး မေ ၁၉ ရက်နံနက်ပိုင်းက နံ့သာပုကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများက တောဆင်ရိုင်းအား ဘေးလွတ်ရာတောတွင်းသို့ မောင်းနှင်ခဲ့ကြစဉ် ၎င်းတောဆင်ရိုင်းမှာ တောတွင်းသို့ မောင်းနှင်၍ မရသဖြင့် တင်းချောင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်း ဦးဆောင်သော ငရုတ်ကောင်းတောင် အခြေစိုက် အမှတ် ၂ တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ EERU အရေးပေါ် ကွန်ချီဆင်များအဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့၊ သစ်တောရဲအဖွဲ့၊ ငရုတ်ကောင်းတောင် ဘိနယ်တောအုပ်၊ ဝက်ကော်ဘိနယ်တောအုပ်တို့က ပူပေါင်း၍ တောတွင်းသို့ မောင်းနှင်သော်လည်း ထွက်ခွာသွားခြင်းမရှိကြောင်း အမှတ်၂ တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်ထွန်းထံမှ သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)


