မန္တလေး ၁၉ မေ

 

မန္တလေးမြို့တော် စည်ပင်ပိုင် အဆင့်မြင့်သားသတ်ရုံတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အသားများကို ထုတ်လုပ်ရန် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

တိရစ္ဆာန် ဆေးကုဆရာဝန်များကို ခန့်အပ်ထားပြီး ကြပ်မတ်ဆောင်ရွက်ခြင်း၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရန် သားသတ်ရုံသို့ လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ ရုံတင်မည့် တိရစ္ဆာန်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာမှသာ အသားထုတ်ခွင့်ပြုခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

"ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် သားသတ်ရုံသို့ လာရောက်သူတွေကို ကိုယ်အပူချိန်တိုင်းတာတာ စနစ်တကျ လက်ဆေးစေတာ၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေတာတွေ ပြုလုပ်ပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

အသားထုတ်လုပ်ရာတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု စစ်ဆေးခြင်း၊ အသားထုတ်လုပ်ရာတွင် အဆင့်တိုင်း စနစ်တကျဖြစ်စေရန် တာဝန်မှူးက ကြီးကြပ်ခြင်းနှင့် ထုတ်လုပ်ပြီးအသားများအား တင်ဆောင်သောကားများကို ဈေးအသီးသီးမှာ ညမထွက်ရ စည်းကမ်းနှင့်အညီ မနက် ၄ နာရီမှ စတင်ထွက်ခွါစေခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

ထို့အပြင် ရပ်ကွက်များအတွင်း တရားမဝင် သတ်ဖြတ်ပြီး အသားရောင်းချသူများကို စစ်ဆေးဖော်ထုတ် အရေးယူနေကြောင်းလည်း ထပ်မံသိရသည်။

 

မေသက်ထား