ဆော ၂၀ မေ
ဂန့်ဂေါခရိုင် ဆောမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဖြစ်သော မွေးကင်းစမှ ၁၈ လအထိ ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မေ ၁၉ ရက် နံနက်က စတင်ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မေ ၁၉ ရက်မှစတင်ပြီး ဆေးရုံအခြေပြု၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မေ ၂၅ ရက်မှစတင်ကာ စုရပ်အခြေပြု ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေး နိုင်ရန်အတွက် မိဘအုပ်ထိန်းသူများအနေဖြင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန် အသိပေးထားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်ထံမှ သိရသည်။
အဆိုပါကာကွယ်ဆေးကို တစ်ရက်လျှင် ၅၀ ဦးသာ ထိုးနှံပေးမည်ဖြစ်ပြီး နေအိမ်မှထွက်လာစဉ် အုပ်ထိန်းသူသည် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်း၊ ဆေးခန်းအတွင်းသို့ မဝင်ရောက်မီ လက်သန့်ဆေးရည်နှင့် လက်များကို သန့်စင်၍ ကလေးနှင့်အတူ အုပ်ထိန်းသူတစ်ဦးသာ ဝင်ရမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ ထိုးနှံတိုက်ကျွေးခြင်း သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)


