ကနီ ၂၀ မေ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် မျှိုင်းကြိုးဝိုင်းအတွင်း ဝါးမျိုးစုံ ဧက (၂၀၀)ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပုဂ္ဂလိကစက်မှုကုန်ကြမ်း စိုက်ခင်းအမျိုးအစားအဖြစ် စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင် ၏ ပြောကြားချက်အရ သိရသည်။
“စိုက်ပျိုးမှုအနေနဲ့က အခုဘဏ္ဍာနှစ်မှာ ဧက(၂၀၀)ကို အရင်စိုက်မယ်၊ လာမဲ့ဘဏ္ဍာရေးနှစ်မှာ ဧက(၂၀၀) ကို တောင်သူ(၄)ဦးက စိုက်ပျိုးကြမှာဖြစ်တယ်၊ ကုန်ကျမှုအနေနဲ့ ဝါးစိုက်ပျိုးစဉ်ကာလအတွင်း တစ်ဧကကို ငွေကျပ် (၃၀၀၀၀)နှုန်း အာမခံထားရမယ်၊ ဝါးစိုက်ပျိုးမှုအောင်မြင်တယ်ဆိုရင် အာမခံထားတဲ့ငွေပြန်ပေးမယ်၊ တကယ်လို့ ဝါးစိုက်တာ မအောင်မြင်ရင်တော့ ပြန်မပေးဘူး၊ မြေငှားခအနေနဲ့ကတော့ တစ်နှစ်ကို တစ်ဧက (၂၀၀၀)နှုန်း ပေးဆောင်ရမှာဖြစ်တယ်၊ စိုက်တဲ့ဝါးတွေအောင်မြင်ဖြစ်ထွန်းလို့ ခုတ်ယူသုံးစွဲရင်လည်း ချမှတ်ထားတဲ့ စည်းကမ်းချက်များ အတိုင်းခုတ်ယူသုံးစွဲရမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်က ပြောသည်။
ကနီမြို့နယ် မျှိုင်းကြိုးဝိုင်းအတွင်း ဝါးစိုက်တောင်သူ ဦးစိန်လင်း၊ ဦးအောင်နိုင်ဝင်း၊ ဒေါ်သက်ထားဦး နှင့် ဒေါ်ယုယုတို့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း(၂၀၀)ဧကနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း(၂၀၀)ဧက စုစုပေါင်း (၄၀၀)ဧကတွင် ဝါးပိုးဝါး၊ မြှစ်ချိုဝါး၊ မျှဉ်ဝါးနှင့် ကျသောင်းဝါး စသည့်ဝါးအမျိုးအစားများကို စိုက်ပျိုးသွားမည်ဖြစ်သည်။
ဝင်းဦး(ဇေယျာတိုင်း)


