ကော့သောင်း   ၂၀   မေ 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေး တိုင်းအတွင်းနှင့်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအသီးသီးသို့ ပြေးဆွဲပေးလျှက်ရှိသည့် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများအားလုံးကို ပိတ်သိမ်းထားခဲ့ရာမှ  ယမန်နေ့မှစတင်ကာ ကော့သောင်းမြို့မှ တနင်္သာရီတိုင်းအတွင်း အခြားမြို့များသို့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများ အားလုံးကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ပြေးဆွဲ လျှက်ရှိကြောင်း သိရသည်။

 

ကော့သောင်းမြို့နယ်အတွင်း ကော့သောင်းအခြေစိုက် ခရီးသည် တင်မော်တော်ယာဉ် အသင်း(၃)သင်း၊ တနင်္သာရီတိုင်းအခြေ စိုက်မော်တော်ယာဉ်အသင်း (၂၃)သင်း၊ အခြားပြည်နယ်နှင့်တိုင်းများမှ လာရောက် ပြေးဆွဲသည့် မော်တော်ယာဉ်အသင်း(၆)သင်းရှိပြီး စုစုပေါင်းတိုင်းကျော်ခရီးသည် ပို့ဆောင် ပြေးဆွဲပေးနေသည့် မော်တော်ယာဉ်အသင်း (၁၅)သင်းရှိကြောင်း၊  ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမှီ ကာလများက ကော့သောင်းမြို့မှ မြန်မာနိုင်ငံ မြို့များအသီးသီးသို့ ထွက်ခွာပြေးဆွဲနေသည့် မော်တော်ယာဉ် (ကားကြီး/ကားငယ်) တစ်ရက်လျှင် (၂၀)စီးခန့် နှင့်ကော့သောင်းမြို့နယ်အတွင်းကျေးရွာ အသီးသီးသို့ပြေးဆွဲပေးနေသည့် ခရီးသည်တင် မော်တော်ယာဉ် (၁၆)စီးခန့်ရှိကြောင်း ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။

 

ပြန်လည်ပြေးဆွဲရာတွင် တိုင်းအတွင်းအခြား မြို့များသို့ ခရီးသည်ပို့ဆောင်ရေး မှန်လုံမော်တော်ယာဉ် ငယ်အများစုသာ ပြေးဆွဲကြပြီး ခရီးသည်ဦးရေများစွာတင်ဆောင်နိုင်သည့်  Express ကားကြီးများမှာ ခရီးသည်သွားလာသူ နည်းပါးသေးသဖြင့် ပြေးဆွဲခြင်းမရှိသေးကြောင်း သိရသည်။

 

ယင်းသို့ပြေးဆွဲရာတွင် ရောဂါထိန်းချုပ်နိုင်ရေး ယာဉ်များအားလုံး မူလတင်ဆောင်နိုင်သည့် ဦးရေ၏ ၅၀ ရာခိုင်နှုန်းကိုသာ လိုက်ပါစီးနင်းတင်ဆောင်ရမည်ဖြစ်ပြီး ခရီးသည်များအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ ယာဉ်ပေါ် တက်/ဆင်းတိုင်းလက်ဆေးရန် လက်သန့်ဆေးများထားရှိပေးကာ လက်ဆေးစေခြင်း၊ ထိုင်ခုံတစ်တန်းတွင် တဖက် လျှင် တစ်ဦးစီသာ တင်ဆောင်စေခြင်း၊ ယာဉ်မောင်းနင်နေစဉ်ထူးခြားဖြစ်စဉ် (ကိုယ်အပူချိန်မြှင့်) ခရီးသည်ပေါ်ပေါက် လာပါက နီးစပ်ရာ မြို့နယ် ကျန်းမာရေးဌာနနှင့် တာဝန်ရှိ အဖွဲ့အစည်းများထံ ချက်ချင်း သတင်းပို့ရန် မော်တော်ယာဉ်အတွင်းအပြင် ပိုးသတ်ဆေးဖျန်းရန်နှင့် သတ်မှတ်ယာဉ် စီးခနှုန်းထား ဖြင့်သာတင်ဆောင် ပြေးဆွဲကြရန် ညွှန်ကြားထားကြောင်း ကော့သောင်း မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်း ကြီးကြပ်ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

 

ခရီးသည် ၁၆ ဦးခန့်တင်ဆောင်နိုင်သည့်  မှန်လုံမော်တော်ယာဉ် ဒေသအခေါ်(အံစာတုံး) ကားငယ်များမှာ ခရီးသည်(၈)ဦးသာ တင်ဆောင်ကြောင်း၊ ယာဉ်စီးခကို ကော့သောင်းမြို့မှ မြိတ်မြို့သို့(၂၅၀၀၀)ကျပ် ထားဝယ်မြို့ကို (၃၅၀၀၀)ကျပ် ကောက်ခံကြောင်း၊ ရောဂါထိန်းချုပ်နိုင်ဖို့ သတ်မှတ် စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက် ပြေးဆွဲပေးလျက်ရှိကြောင်း ကော့သောင်းမြို့ ပုဂ္ဂလိက ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်ငယ်လိုင်းတစ်ခုမှ တာဝန်ခံ ဦးတင်အောင်၏ ပြောကြားချက်အရ သိရသည်။

ကျော်စိုး (ကော့သောင်း)