ညောင်ဦး ၂၀ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင်-၂၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့နေသည့် သုံးမွှာပူးနှင့် အထက်မွေးဖွားသော မိခင်နှင့်ကလေးဆု(ကျပ်ငါးသိန်းတိတိ) အား သမီး မိန်းကလေး ၃ ဦး မွေးဖွားခဲ့သည့် မိခင်နှင့် ကလေးများအတွက် ယနေ့ နံနက် ၉ နာရီက ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်အောင်နှင့် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးတို့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးမွှာပူးမွေးဖွားသည့်မိခင်သည် ကျောက်ပန်းတောင်းမြို့နယ်၊ သနပ်ပင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မေ ၁၈ ရက် နံနက် ၄ အချိန်တွင် ပုပ္ပားတိုက်နယ်ဆေးရုံ၌ သမီး မိန်းကလေး ၃ ဦးအား ခွဲစိတ်စရာမလိုဘဲ အောင်မြင်စွာ မွေးဖွားခဲ့သည်။ ထိုမွေးဖွားခဲ့သည့် ကလေး သူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ခံယူရန် လိုအပ်သောကြောင့် ညောင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ၎င်းနေ့ရက် မွန်းလွဲ ၁ နာရီတွင် လွှဲပြောင်းကုသမှုခံယူလျက်ရှိကြောင်း ကလေး ၃ ဦး၏ဖခင် ဦးမြင့်သိန်းထံမှ သိရသည်။
သနပ်ပင်ကျေးရွာနေ တောင်သူ ဦးမြင့်သိန်း+ဒေါ်ပို မိသားစုတွင် ယခင်က ကလေး ၃ ယောက်(ယောကျာ်း ၁ ဦး၊ မိန်းကလေး ၂ ဦး) ရှိပြီး ယခု ကလေး ၃ ဦး ထပ်မံမွေးဖွားသဖြင့် မိသားစု (၈) ဦးဖြစ်၍ ထပ်မံ ကလေး မယူတော့ကြောင်း၊ ထိုပြင် ၎င်းတို့ဆွေမျိုးသားချင်းများတွင် အမွှာမွေးသည့် မျိုးရိုးရှိကြောင်း၊ ၎င်း၏ အဒေါ်ဖြစ်သူမှာလည်း ၂ မွှာပူး မွေးထားပါကြောင်း ကလေးသုံးမွှာပူးမွေးသည့် ဒေါ်ပိုက ပြောပြ၍ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


