မြိတ် ၂၀ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လျှပ်စစ်ကဏ္ဍတိုးတက်ရေး၊ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်စေရေးနှင့် ကမ်းနားလမ်းတလျှောက် ညပိုင်းအချိန်များတွင် အပန်းဖြေအနားယူသွားလာလျက်ရှိသည့် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကျပ်သန်း ၁၉၉ ဒသမ ၃ သန်းဖြင့် LED မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
LED မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး မီးတိုင်အမျိုးအစားမှာ G.I Pole အမျိုးအစားသံတိုင်ဖြစ်ကာ (၁၀)မီတာအမြင့်ရှိ၍ LED မီး 150 W (အဝါရောင်) တပ်ဆင်မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းကို Grace Light ကုမ္ပဏီလီမိတက်မှ မတ်လမှစတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇူလိုင်လကုန် အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
မီးတိုင်များစိုက်ထူရာတွင် မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၁)ဗောတံတားထိပ်မှ ကမ်းနားလမ်းတ လျှောက် သဲကွင်းလမ်းအဆုံးအထိ မီးတိုင်(၁၀၆)တိုင်နှင့် ကျွဲကူး-ကျောက်ဖျာတံတား တစ်ဖက်တစ်ချက်၌ မီးတိုင် (၇၂)တိုင်ကို စိုက်ထူဆောင်ရွက်လျက်ရှိသည်။ ကမ်းနားလမ်းတွင် မီးတိုင်အားလုံး စိုက်ထူဆောင်ရွက်ပြီးစီးပြီဖြစ်ကာ မြေအောက်လျှပ်စစ်ကြိုးလိုင်း သွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ကျွဲကူး-ကျောက်ဖျာ တံတား၌ မီးတိုင်အောက်ခြေ ကွန်ကရစ်ခုံတုံး ဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
LED မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကမ်းနားလမ်းတလျှောက်တွင် ညပိုင်းအချိန်များ၌ အပန်းဖြေအနားယူလျက်ရှိသည့် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများ ဘေးကင်းလုံခြုံစွာ အပန်းဖြေသွားလာနိုင်ကြမည်ဖြစ်ကာ ရေလမ်းကြောင်းမှ မြို့အဝင်နှင့် မော်တော်ယာဉ်လမ်းမှ မြို့အဝင်ကို LED မီးရောင်များဖြင့် မြို့အဝင်သာယာလှပမှုအား တွေ့မြင်နိုင်တော့မည် ဖြစ်သည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


